တနင်္သာရီမြိုနယ်၊ ဘန်းလမွတ်ရွာက စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားတယ်လို ဒေသခံတွေဆီကသိရပါတယ်။
စစ်ဘေးရှောင်ရာကနေ ဘန်းလမွတ်ရွာထဲကို ဒီကနေ့မွန်းလွဲ ၂ နာရီခွဲလောက်က ပြန်လာတဲ့အချိန် ရွာမှာရှိနေတဲ့ စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
“သူကရွာကို ခဏပြန်ဝင်တဲ့အချိန် ဖမ်းခံရတာ။ ရွာမှာကလူတွေ မရှိကြတော့ဘူး။ စစ်တပ်ကလည်း ရွာထဲကို ပြန်ရောက်နေတယ်လေ” လို အနီးအနားရွာက ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ဘန်းလမွတ်ရွာဟာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ် တပ်စွဲထားတာကြောင့် အခုနှစ် မတ်လလောက်ကစပြီး ရွာလုံးကျွတ်စစ်ဘေးရှောင်နေရတာပါ။
အခုဖမ်းဆီးခံရသူဟာ အသက် ၂၀ ကျော်အရွယ် ဘန်းလမွတ်ရွာသားဖြစ်ပြီး ဥယျာဥ်ခြံလုပ်ကိုင်နေတဲ့ သာမန်ရွာသားတစ်ဦးဖြစ်တယ်လို သိရပါတယ်။
သူ့ကိုဖမ်းဆီးပြီးနောက်မှာတော့ ဒီနေ့မွန်းလွဲပိုင်းမှာပဲ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၀၆) တပ်ရင်းကိုခေါ်ဆောင်သွားတယ်လို သိရပါတယ်။
အရင်ကလည်း ဘန်းလမွတ်ရွာကဒေသခံတွေကို စစ်ကောင်စီအမြောက်တပ်က ဖမ်းဆီးပြီး ငွေကြေးတောင်းခံပြီး ငွေကြေးရမှပြန်လွှတ်တာမျိုးတွေ မကြာခဏလုပ်ဆောင်ခဲ့ဖူးပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ တနင်္သာရီ-မောတောင်လမ်းမှာ တိုက်ပွဲတွေဖြစ်ပွားတာကြောင့် မူလကတပ်စွဲနေထိုင်နေတဲ့ ဘန်းလမွတ်ရွာကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ဆုတ်ခွာသွားတာဖြစ်ပြီး မနေ့ညကမှ ကားနှစ်စီးနဲ့ ပြန်ရောက်လာတာပါ။
တနင်္သာရီ-မောတောင်လမ်းပိုင်းမှာတော့ အခုလ ၁၅ ရက်နေ့ကစပြီး မနေ့ကအထိ ၅ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။