စစ်မြေပြင်မှာ ဆက်တိုက် ရှုံးနိမ့်မှုတွေ ကြုံနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြည်သူတွေအပေါ် အကြမ်းဖက် ပစ်မှတ်ထားမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာ့အရေးဆိုင်ရာ ထိပ်တန်း အရာရှိက သတိပေး ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဆီ လိပ်မူတဲ့ မိန့်ခွန်းမှာ စစ်ကောင်စီရဲ့ ပိုမို ဆိုးယုတ်လာတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြသွားခဲ့တာ ဖြစ်ပါတယ်။
သူက ကမ္ဘာတလွှားမှာ လတ်တလော ဖြစ်ပျက်နေတဲ့ အကျပ်အတည်းနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ အသိုက်အဝန်းက အာရုံများနေတာကို နားလည်ကြောင်း၊ ဒါပေမဲ့ တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပြန်လည် ဆောင်ကြဉ်းနိုင်ဖို့ မျှော်လင့်ချက် ရောင်ခြည်တွေ အမှန်တကယ် ထွန်းလင်းနေကြောင်း အန်ဒရူးစ်က ပြောပါတယ်။
မြန်မာ စစ်အာဏာရှင်ဟာ မှိုတွေနဲ့ တူကြောင်း၊ အမှောင်ထဲမှာသာ ရှင်သန်ကြီးထွားနိုင်တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပိုအာရုံစိုက်လေလေ၊ မြန်မာနဲ့ ပတ်သက်တဲ့ မျှော်လင့် ရည်မှန်းချက်တွေ အောင်မြင်နိုင်လေလေဖြစ်ကြောင်း အန်ဒရူးစ်က ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဟာ နိုင်ငံ နယ်နိမိတ်ရဲ့ ထက်ဝက်အောက်ကိုသာ ထိန်းချုပ်နိုင်စွမ်း ရှိတော့ကြောင်း၊ ထိခိုက်သေကြေမှု၊ အလင်းဝင်မှု၊ လက်နက်ချမှုတွေကြောင့် စစ်တပ်ဟာ သောင်းနဲ့ချီ များပြားတဲ့ အင်အား အရင်းအမြစ်တွေကို ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်း၊ ရာနဲ့ချီတဲ့ စစ်စခန်းတွေ၊ ဒါဇင်နဲ့ချီများပြားတဲ့ မြို့တွေကိုလည်း လက်လွှတ်ခဲ့ရပြီးဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။
အန်ဒရူးစ်က စဉ်းလဲလှတဲ့ မြန်မာစစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်ပွဲခံမှုတွေကို တုံ့ပြန် လက်စားချေတဲ့ အနေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အရှိန်အဟုန် မြှင့်တင်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး မြေပြင်ကတပ်တွေ လှုပ်ရှားသွားလာရတာ မလုံခြုံတော့တဲ့ အခြေအနေကြောင့် စစ်တပ်က ပတ်ဝန်းကျင် လူနေဧရိယာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေလည်း သိသိသာသာ ထူထပ်လာတယ်လို့ ထောက်ပြခဲ့ပါတယ်။
နောက်ပြီး မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း အန္တရာယ်ကလည်း ပိုမို ကြီးထွားလာနေပြီး ကျေးရွာတွေ၊ လူနေဧရိယာတွေ၊ ဘာသာရေး နယ်မြေတွေနဲ့ စိုက်ပျိုးမြေတွေမှာ မိုင်းထောင်မှုတွေ ပိုများလာသလို မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေလည်း သိသိသာသာ မြင့်တက်လာကြောင်း အန်ဒရူးစ်က ပြောကြားသွားပါတယ်။
သူက မြန်မာ့အရေးကို နိုင်ငံတကာက ပိုမို အာရုံစိုက်ပေးခြင်းပြီး ထိရောက်တဲ့ အရေးယူ တုံ့ပြန်မှုတွေ လုပ်ဆောင်ပေးခြင်းအားဖြင့် မြန်မာစစ်တပ်အတွက် အိပ်မက်ဆိုးတွေ ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ပိုမို တင်းကျပ်ဖို့၊ လက်နက် တင်သွင်းမှုတွေကို ကန့်သတ် ဖြတ်တောက်ဖို့၊ အာဏာသိမ်း စစ်တပ်ကို တရားဝင် အစိုးရတစ်ခု သဘောမျိုး ဆက်ဆံနေတာ မှန်သမျှ ရပ်တန့်ဖို့နဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့သူတိုင်းကို သင့်တော် ထိရောက်တဲ့ တာဝန်ယူ တာဝန်ခံမှုတွေ ရှိလာအောင် အရေးယူဖို့ဆိုတဲ့ အချက် ၄ ခုကို အန်ဒရူးစ်က အကြံပြုခဲ့ပြီး အဲဒီကိစ္စတွေကို အကောင်အထည် ဖော်နိုင်ခြင်းက စစ်တပ်ကို အကြီးအကျယ် အထိနာစေလိမ့်မယ်လို့လည်း မှတ်ချက်ပေးသွားခဲ့ပါတယ်။