ယနေ့(ဇန်နဝါရီ ၄ရက်)ကျရောက်သော (၇၆)နှစ်ပြည့် လွတ်လပ်ရေးနေ့သည် နှစ်ပေါင်း ၇၀ကျော်ခဲ့သော်လည်း အတုအယောင် လွတ်လပ်ရေးကိုသာ ခံစားခဲ့ရပြီး တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး အစစ်အမှန် လွတ်မြောက်ခြင်း ရရှိရန် အတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်လပ်ရေးကို အရယူခဲ့သည်မှာ (၇၆) နှစ်တာ ကာလပင် ပြည့်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူအားလုံးသည် လွတ်လပ်မှုအရသာကို အပြည့်အဝခံစားခဲ့ရခြင်း မရှိဘဲ ဖက်ဆစ်စစ်အုပ်စု၏ လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင့်အုပ်ချုပ်မှုများကိုသာ ခေတ်အဆက်ဆက် အကြိမ်ကြိမ် ကြုံတွေ့ခံစားခဲ့ရကြောင်း GSCB က ဆိုသည်။
ထို့ကြောင့် လွတ်လပ်ရေးနေ့သည် နှစ်ပေါင်း ၇၀ ကျော်ခဲ့သော်လည်း အတုအယောင် လွတ်လပ်ရေးကိုသာ ခံစားခဲ့ရပြီး တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးမှာ အစစ်အမှန် လွတ်မြောက်ခြင်းကိုမှု မရရှိသေးကြောင်း GSCB က ဖော်ပြသည်။
ထိုသို့ လွတ်လပ်ရေး ကြေညာစာတမ်းပါ အချက်ကို ချိုးဖောက်နေသော အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ပြီး အမှန်တကယ် လွတ်လပ်၍ တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်မည် ဖြစ်ကြောင်းလည်း GSCB က သန္နိဋ္ဌာန် ပြုခဲ့သည်။
ထို့ကြောင့် တိုင်းရင်းသား ပြည်သူအားလုံးသည်လည်း တသံတည်းညီ တချီတည်း ရုန်းရမည့် အချိန်ကာလမှာ ယခုအချိန် ကာလပင် ဖြစ်သောကြောင့် တော်လှန်လှိုင်းလုံးများနှင့်အတူ ဖက်ဆစ်စစ်အုပ်စုကို တိုက်ထုတ်ကြရန် GSCB က အထူးအလေးအနက်ထား တိုက်တွန်းထားသည်။