အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းလွှတ်တော်၊ တနင်္သာရီတိုင်း လွှတ်တော်နဲ့ မကွေးတိုင်းလွှတ်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ နိုဝင်ဘာ (၁၇) ရက်မှာ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့မှ ဒီမိုကရေစီ နည်းလမ်းအရ ရွေးကောက်တင်မြှောက်ခံထားရတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အင်္ဂါရပ်များနဲ့အညီ တိုင်းလွှတ်တော်များခေါ်ယူကျင်းပကာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့ ကြားကာလအစီအမံ၊ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုလိုက်တာကို သိရှိရတယ်လို့ ဖော်ပြထားပါတယ်။
NLD ဗဟိုအလုပ်ကော်မတီကတော့ “အင်အားစုများအားလုံးကလည်း မိမိတို့အမြင် သဘောထားများ၊ ရည်မှန်းချက်များကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အကောင်းဆုံး တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါအပြင် ဒီမိုကရေစီကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် အဓိကကျတဲ့ ဖက်ဒရယ်ယူနစ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည်သူလူထုဆန္ဒနဲ့အညီ ဖော်ဆောင်နိုင်စေရန် ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲမှတဆင့် ပြည်သူ့ဆင့်လွှဲတာဝန်ကို ရရှိထားသော ရွေးကောက်ခံကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖေါ်တဲ့ ကနဦး စွမ်းဆောင်ချက်ကို ကြိုဆိုတယ်လို့ ဖော်ပြထားပါတယ်။