စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးနေ၍ ညပိုင်းအချိန် ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကွန်း)က သတိပေးကြေညာသည်။
စစ်ကိုင်း – မင်းကွန်း လမ်းပိုင်းအား ဧပြီ ၄ရက်မှစ၍ ည ၈နာရီမှ နောက်တနေ့နံနက် ၅နာရီအတွင်း အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကွန်း)က အသိပေးသည်။
အဆိုပါ လမ်းပိုင်း၌ စစ်တပ်က ညပိုင်းတွင် စစ်မှုထမ်းရန် အတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရဲစခန်းများသို့ အင်အားဖြည့်ခြင်းများ ပြုလုပ်နေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကွန်း)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စကစတပ်တွေက ညပိုင်းတွေမှာ အဓိက ရွာတွေထဲ ဝင်ဆွဲတာတွေ၊ ညပိုင်းတွေ ခိုးပြီး အင်အားဖြည့်တာတွေ အိမ်စီးကားတွေနဲ့ လုပ်ဆောင်တာမို့ပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
လိုက်နာမှုမရှိဘဲ သွားလာ၍ ထိခိုက်မှုရှိပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ အရေးပေါ်ကိစ္စဖြင့် သွားလာမည်ဆိုပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အကြောင်းကြား၍ သွားလာကြရန်နှင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကွန်း)က မေတ္တာရပ်ခံထားသည်။
မတ်လ ၂၉ရက်က စစ်ကိုင်း – မင်းကွန်းလမ်းပိုင်းတွင် အလုပ်ပြန်လာသည့်ပြည်သူများအား စစ်တပ်ကဖမ်းဆီးခဲ့ရာ လူငယ်အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။