ပြည်သူ့စစ်မှုထမ်းဥပဒေကို မစိုးရိမ်ဖို့ ရေးသားထားတဲ့ ဝါဒဖြန့်စာရွက်တွေကို ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုမှာ လိုက်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကံပေါက်ကျေးရွာအုပ်စုအတွင်း လူစည်ကားတတ်တဲ့ ကံပေါက်ဈေး၊ ကုန်ခြောက်ဆိုင်ကြီးတွေရဲ့ ရှေ့နဲ့ အရက်ဘီယာအရောင်းဆိုင်တွေရဲ့ရှေ့မှာ ဖြန့်ဝေနေတာလို့ ဒေသခံတွေက ပြောပြပါတယ်။
ဖြန့်ဝေချိန်မှာ နယ်မြေရဲစခန်းက ရဲတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းလုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
“ငါတော့ မယူလာဘူး။ သူတို့ကို(ဝါဒဖြန့်စာရွက်ဝေနေသူတွေ)မြင်တာနဲ့ မသိမသာလေးဆိုင်ကယ်ပြန်ကွေ့ပြီးအိမ်ပဲပြန်လာလိုက်တယ်။ ငါ့တစ်ယောက်တည်းဆိုတော့ ဆွဲလားရမ်းလားလုပ်မှာလည်းပူတယ်။” လို့ အသက် ၂၀ ကျော် ဒေသခံလူငယ်အမျိုးသမီးတစ်ဦးက ကံပေါက်ဈေးအနီးသူ ကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။
ကံပေါက်ကျေးရွာအုပ်စုမှာ ရပ်ကွက် ၁၁ ခုရှိပြီး အဲဒီထဲက ရပ်ကွက်အများစုမှာ အခုလိုဝါဒဖြန့်စာရွက်တွေ လိုက်ဝေနေတာလို့ သိရပါတယ်။
ဖြန့်ဝေနေတဲ့ ဝါဒဖြန့်စာရွက်မှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး သိကောင်းစရာများလို့ ခေါင်းစဉ်တပ်ကာ ဥပဒေရည်ရွယ်ချက်တွေ၊ စစ်မှုထမ်းရမဲ့အသက်အရွယ်၊ ကာလ၊ ကင်းလွတ်ခွင့်ကိစတွေ ရေးသားထားတာတွေ့ရပါတယ်။
စိုးရိမ်စရာမလိုဆိုတဲ့ ခေါင်းစဉ်နဲ့ ရှင်းပြချက်မှာဆိုရင်လည်း ချက်ချင်းစစ်မှုမထမ်းရတာ၊ နည်းဥပဒေရေးဆွဲပြီးမှ တာဝန်ထမ်းရမှာနဲ့ ယာယီရွေ့ဆိုင်းထားနိုင်တဲ့ ကင်းလွတ်ခွင့်ရမဲ့သူတွေ အကြောင်းကို ရေးထားတာတွေ့ရပါတယ်။
ဒါ့အပြင် PDFဝင်ဖို့ လှုံဆော်နေတာစည်းရုံးနေတာတွေကိုလည်း နားမယောင်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း အခုလိုဝါဒဖြန့်စာရွက်တွေကို စစ်ကောင်စီဘက်က လိုက်လံဖြန့်ဝေနေသလို မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာနဲ့ပတ်သက်ပြီး အသိပညာပေးရှင်းလင်းဆွေးနွေးပွဲတွေကို စစ်ကောင်စီဘက်က လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အခုလ ၁၀ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မှတ်ထိုးကာ ထုတ်ပြန်လိုက်ပြီးနောက် အသက် ၁၈ နှစ်ပြည့် လူငယ်တွေကြားမှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။