အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး ၂၄နာရီအတွင်း ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၌ ခရီးသွားလူငယ် ၄၀ ကျော် ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) နံနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာနှင့် လယ်ကြီးရွာကြားတွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ် က ခရီးသွားများအား စစ်ဆေးပြီး အသက်(၁၈) နှစ်ပြည့်ပြီး လူငယ်များအား ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
“ခရီးသည်ကားနဲ့ဆိုင်ကယ်တွေ အကုန်တားပြီး ၁၈ နှစ်အထက် အပျိုတွေ၊ လူပျိုတွေ၊ အိမ်ထောင်ကွဲတွေ မိန်းကလေးယောကျာ်းလေး ပေါ်တာဆွဲနေတယ်။ အကုန်လုံးဖမ်းတာ။ လေးဆယ်ဝန်းကျင်လောက်တောင် ပါသွားတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထွက်ပြေးသည့်သူများကိုလည်း ရိုက်နှက်ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။
“ဘာနဲ့သွားသွားဖမ်းတာ၊ လိုင်းကားပေါ်ကနေလည်းဆွဲချတာလို့ပြောတယ်။ တော်တော်များများအဖမ်းခံထားရတယ်။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။
နေ့လယ်ပိုင်းတွင်မူ အဆိုပါ စစ်ကောင်စီတပ် မရှိတော့ဘဲ ဖမ်းဆီးထားသူများအား ခေါ်ဆောင်သွားကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ယမန်နေ့ (ဖေဖော်ဝါရီ၁ဝ ရက်) ည ၈နာရီက စစ်မှုထမ်းဥပဒေအား စတင်အသက်ဝင်ကြောင်းကြေညာပြီးနောက် ၂၄နာရီအတွင်း စတင်ဖမ်းဆီးလာခြင်းဖြစ်သည်။