တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၄ ရက်မှာ ထုတ်ပြန်လိုက်ပြီး တအာင်းလူမျိုးမဟုတ်လည်း နိုင်ငံရေးရပ်တည်ချက်တွေနှစ်သက်သူတိုင်း စစ်မှုထမ်းနိုင်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်ပြည့်ပြီးသူ တအာင်းလူမျိုးတိုင်း ညီအစ်ကို နှစ်ဦးရှိလျှင် တစ်ဦး စစ်မှုထမ်းရမည်ဖြစ်ပြီး ညီအစ်ကို နှစ်ဦးတွင် တစ်ဦး ကျန်းမာရေး ချို့ယွင်းသူ သို့မဟုတ် သာသနာ့ဘောင်တွင် ရောက်နေသူဖြစ်ပါက စစ်မှုထမ်းကနေ ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းရမယ့် သူတွေထဲမှာ B ပိုး၊ C ပိုးရှိတဲ့သူတွေကိုတော့ စစ်မှုထမ်းဖို့ ခေါ်ဆောင်မှာမဟုတ်ဘဲ တခြား ရောဂါအနည်းငယ်ရှိတဲ့ သူတွေကိုကတော့ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။
တစ်အိမ်မှာ အမျိုးသမီး ၃ ဦးရှိပါက ၁ ဦး စစ်မှုထမ်းရမှာြဖစ်ပြီး မောင်နှမတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃ ဦးရှိပေမဲ့ အဲ့ဒီအထဲက တစ်ဦးဟာ အရပ်ဖက်အဖွဲ့အစည်းတွေထဲက ဗဟိုကော်မတီဝင် ဖြစ်နေရင် စစ်မှုထမ်းကင်းလွှတ်ခွင့်ရပြီး ဗဟိုကော်မတီဝင်မဟုတ်တဲ့သူတွေကိုတော့ သီးခြားပြန်လည်စီစစ်ပြီးမှ စစ်မှုထမ်းဖို့ လို၊ မလိုဆိုတာကို ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။