အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကို ပအိုဝ်း လူငယ်များ ပြတ်သားစွာ ဆန့်ကျင်ပြီး PNLO/PNLA ထံ လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက် စစ်တပ်က လက်နက်အားကိုး၍ မတရားပြဋ္ဌာန်းလိုက်သော စစ်မှုမထမ်း မနေရဥပဒေကို တစ်နိုင်ငံလုံးရှိ ဖိနှိပ်ခံပြည်သူများ ပြတ်သားစွာဆန့်ကျင်နေကြသကဲ့သို့ ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် ပအိုဝ်းလူငယ်လူရွယ်များလည်း မတရားမှုကို ခေါင်းငုံ့မခံကြဘဲ ရဲရင့်ပြတ်သားစွာ ဆန့်ကျင်ကြရန် တိုက်တွန်းကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။
အကြမ်းဖက် စစ်တပ်သည် အာဏာသိမ်း ၃ နှစ်တာကာလအတွင်း စစ်ပွဲများတွင် အရှုံးများနှင့် ရင်ဆိုင်လာရပြီး အင်အားချိနဲ့လာကာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရဥပဒေကို ဥပဒေမဲ့ ပြဋ္ဌာန်းပြီးနောက် တစ်ချိန်တည်းတွင် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် စစ်အာဏာရှင်ယန္တယား လည်ပတ်ရှင်သန်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ ပြည်သူများကို လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်သွေးခွဲနေသည်ကို အဆက် မပြတ် လှုံ့ဆော်လျက်ရှိပြီး ၎င်းတို့ကျူးလွန်နေသော စစ်ရာဇာဝတ်မှုများကို ဖုံးဖိနိုင်ရန်၊ အာဏာ ရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ဒီမိုကရေစီစနစ်ဆိတ်သုဉ်းစေရန် ရည်ရွယ်၍ လုပ်ဆောင်နေကြောင်း PNLO/PNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မျိုးချစ်ပအိုဝ်းလူငယ်များသည် “ယုတ်ညံ့သော လူတစ်စုအကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် ပအိုဝ်းလူမျိုးတို့ကို ဒုက္ခပေးသည့် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်များကို ရှောင်လွှဲပြီး ပအိုဝ်းအမျိုးသားများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်စေရေးအတွက် လျှောက်လှမ်းမှုတွင် သမိုင်းပေးတာဝန်အဖြစ် ခံယူ၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ထံသို့ လာရောက်ပူးပေါင်းပြီး တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ကြပါရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း PNLO/PNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။