စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုရှိနေ၍ ခရီးသွားပြည်သူများအနေဖြင့် မင်းတပ် – ကျောက်ထုလမ်းပိုင်းကို ယနေ့(ဩဂုတ် ၂၂ရက်)မှစတင်၍ သွားလာခြင်းမပြုသေးရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က တားမြစ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်က အသိပေးသည်။
ယမန်နေ့ ညပိုင်းက မင်းတပ်မြို့ပေါ်၌ တိုက်ပွဲဖြစ်ပွားသကဲ့သို့ ယနေ့နံနက်တွင်လည်း ဆောမြို့နယ် ကျောက်ထုမြို့ဘက်မှ စစ်ကောင်စီတပ် စစ်ကြောင်း လှုပ်ရှားမှု ရှိနေသည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။
“ရွေ့လျားစစ်တပ်(စစ်ကြောင်း)လို့ ခေါ်မှာပေါ့။ ထီးလင်းမှာလည်း သူတို့ ဂန့်ဂေါမှာလည်း သူတို့ ဆောမှာလည်း သူတို့။ အမြဲတမ်းသွားလာနေပြီး သတင်းပို့နေရတယ်သူတို့က ။ တစ်နေ့ကို သုံးမိုင်လောက်သွားပြီး ဘယ်ရောက်တယ်ဆိုတာမျိုး။ လိမ်ပြီး သတင်းပို့တာတွေလည်းရှိမှာပေါ့။ သူတို့ကရောက်တဲ့ရွာတွေမှာအဝတ်စားတွေယူ စောင်တွေယူပြီးအိပ်တော့တာပါသူတို့ကတော့” ဟု ဆောနယ်ဒေသခံက ပြော
သည်။
ယမန်နေ့ညနေပိုင်းမှ ညပိုင်းအထိ မင်းတပ်မြို့ပေါ်၌ ဖြစ်ပွားနေသည့် ပစ်ခတ်မှု များအခြေအနေနှင့်ပတ်သက်၍ ဒေသခံအားမေးမြန်းရာ “ဖုန်းလိုင်းပျက်နေတယ်။ အခုထိ မင်းတပ်မြို့ပေါ် အဆက်အသွယ်မရဘူး”ဟု ပြောသည်။
ယနေ့နံနက် ကျောက်ထုတပ်မှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းသည် ဆောမြို့နယ် ရင့်ရဲရွာအနီး အချို့ရောက်ရှိလာပြီး အချို့မှာ လယ်ကွင်းအတိုင်း ဆင်းပြီး ချောင်းကူးကာ ယောမြို့ရွာ ဘက်ဦးတည်နေသည်ဟု ဒေသခံက အသိပေးသည်။
မင်းတပ် – ကျောက်ထု လမ်းပိုင်းကိုလည်း စစ်ကြောင်းအခြေအနေပေါ်မူတည်ပြီးလမ်းပြန်ဖွင့်ပေးမည်ဟု ဆိုသည်။
ယောဒေသ စစ်ရေးအခြေအနေများ ဖော်ပြနေသည့် ယောအလင်းတန်းကလည်း စစ်ကောင်စီတပ်များသည် ချောင်းကူးရွာအနီးရှိ ချောင်းပြည်၌ ၁၅ဦးခန့်၊ မြို့ပေါက်နှင့် ရင့်ရဲရွာကြားတွင် ၃၀ခန့် နှင့် မြို့ပေါက်ရွာထဲတွင် ၂၀ဦးခန့် ရှိသည်ဟု ဖော်ပြသည်။
စစ်ကောင်စီတပ်များ၌ ခြင်းကျားများမပါ၍ စစ်ကောင်စီတပ် အနီးရှိ ရွာများမှ ပြည်သူများ သတိထား နေထိုင်ကြရန်လည်း ယောအလင်းတန်းက ယနေ့နံနက်တွင် အသိပေးထားသည်။