စစ်ရေး အခြေနေအရ ဒီးမော့ဆို-ဖရူဆို လမ်းမကြီး တစ်လျှောက် ဖြတ်သန်းသွားလာမှု မပြုလုပ်ဖို့နဲ့ ဒေသတွင်း စစ်ရေးသတိရှိစွာ သွားလာနေထိုင်ကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီ လမ်းမကြီး တစ်လျှောက်မှာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တာကြောင့် အခုလို ကန့်သတ်ရတာလို့ ဆိုပါတယ်။
ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းများနဲ့ ကရင်နီ ပူးပေါင်းတပ်များ သြဂုတ်လ ၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထွေလီဗီလာကျေးရွာ၊ ငွေတောင်ရွာသစ်ကျေးရွာ၊ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာများ တစ်လျှောက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာ ဘုရားရှိခိုးကျောင်းကို ဩဂုတ်လ ၁၂ ရက်နေ့၊ ည ၈ နာရီမှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNDF ကဆိုပါတယ်။
ထီးသော်ကူးကျေးရွာအနီး တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီဟာ တိုက်ပွဲနဲ့ သက်ဆိုင်မှု မရှိတဲ့ ရွာအတွင်းရှိ “သနားခြင်း မယ်တော်” ဘုရားကျောင်းကို တိုက်လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ဗုံးကြဲမှုကြောင့် ဘုရားကျောင်းနဲ့ ကျောင်းဝန်း အတွင်းရှိ အဆောက်အုံများ ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်စီးခဲ့ပြီး စစ်ရေးအခြေနေအရ အခုမှ မှတ်တမ်းယူ ထုတ်ပြန်ပေးနိုင်တာ ဖြစ်တယ်လို့ KNDF က ပြောပါတယ်။