ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတွေမှာ မိခင်၊ ဖခင်ပွဲနေ့ အထိမ်းအမှတ်အနေနဲ့ သက်ကြီးရွယ်အိုတွေကို ကန်တော့တဲ့အစီအစဉ်တစ်ခုကို ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
စစ်ရှောင်စခန်းတစ်ခုမှာတော့ ကလေးလူငယ်တွေကနေ အသက် ၆၀ ကျော်တဲ့ သက်ကြီးရွယ်အို ၁၆ ဦးကို အားဖြည့်အစားအစာတွေနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။
သက်ကြီးရွယ်အိုတွေကို ကန်တော့ခြင်းအစီအစဉ်အပြင် ကလေးငယ်တွေကနေ မိဘဂုဏ်ပြုတေးသီချင်းသီဆိုခြင်း၊ တိုင်းရင်းသားရိုးရာအကဖြင့်ဖျော်ဖြေခြင်း၊ စွန့်ပစ်ပစ္စည်းများအသုံးပြုပြီး မော်ဒယ်ရှိုးလျှောက်တဲ့ အစီအစဉ်၊ ကံစမ်းမဲအစီအစဉ်တွေနဲ့ ပျော်ရွင်စွာကျင်းပကြတယ်လို့ သိရပါတယ်။
နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၆ရက်နေ့ဟာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ မိခင်ဖခင်ပွဲနေ့ဖြစ်ပေမယ့် စစ်ရှောင်စခန်းတွေမှာတော့ အားလပ်ရက်ဖြစ်တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ ( တနင်္ဂနွေနေ့) မှာ ကျင်းပခဲ့ကြပါတယ်။