အခုလ ဒုတိယအပတ်လောက်ကတည်းက စစ်ရှောင်နေရတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး နေအိမ်ခဏပြန်လာတဲ့ အချိန်မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ ရငဲရွာ၊ အပြင်ပိုင်းက သူရဲ့နေအိမ်ကိုရောက်နေချိန် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“သူက အိမ်ပြန်လာပြီး လုပ်စရာရှိတာလုပ်နေတယ်လို့ ပြောတယ်။ အဲဒီအချိန် သူ့ကိုတွေ့ပြီး အိမ်ထဲကို သေနတ်နဲ့ပစ်ထည့်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အဲဒီအမျိုးသားမှာ ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။
ရငဲရွာမှာ အခုလ ၁၁ ရက်နေ့ကလည်း စစ်ဘေးရှောင်နေရင်း မိခင်ဖြစ်သူအတွက် အိမ်မှာဆေးပြန်ယူတဲ့ ကိုဝေယံဟိန်းကို စစ်ကောင်စီတပ်ကပစ်သတ်ခဲ့ပါတယ်။
စစ်ရှောင်နေရင်း လိုအပ်တာတွေကို အိမ်ပြန်ယူတဲ့ ရငဲရွာသားတွေကို စစ်ကာင်စီတပ်သားတွေက ပစ်ခတ်တာတွေအပြင် မနေ့က ပြန်ရောက်နေတဲ့ ရွာခံအမျိုးသား၊ အမျိုးသမီးအချို့ကို သေနတ်နဲ့ခြိမ်းခြောက်ပြီး စခန်းဆောက်ဖို့သဲအိတ်တွေ သယ်ခိုင်းတာမျိုးတွေလည်း လုပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရငဲရွာက မြွေတောင်ပေါ်မှာ အခုအချိန်အထိ တပ်စွဲထားပြီး ရေရှည်စခန်းချဖို့ ဘန်ကာတွေဆောက်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဆက်ရှိနေတာကြောင့် ဒေသခံအများစုက နေရပ်မပြန်နိုင်ကြသေးဘဲဖြစ်နေပါတယ်။
“အစကတော့ သူတို့ပဲပြန်လာနေကြဖို့ပြောတယ်။ အခုလိုတွေ့ရင် ပစ်တာတွေ အထိလုပ်နေတော့ ဘယ်သူနေရဲမလဲလို့”ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
အခုလ ၈ရက်နေ့ကစပြီး ၁၇ရက်နေ့အထိ စစ်ဘေးရှောင်နေရတဲ့ တခြားရွာ ၁၁ရွာခန့်ကသူတွေ အနည်းအကျဉ်းနေရပ်ကိုပြန်လာနေကြပေမဲ့ ရငဲရွာခံတွေကတော့ လက်ရှိအချိန်ထိ ပြန်မလာရဲကြသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း စတင်ဝင်ရောက်ချိန်ကစပြီး ရငဲရွာမှာ နေအိမ် ၅ဆောင်လောက် မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲကစျေးဆိုင်နဲ့ နေအိမ်အများအပြားကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းတွေ အများအပြားခိုးယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။