ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့၊ စစ်ကောင်စီရဲ့ အမှတ်(၄) လေ့ကျင့်ရေး တပ်စခန်းကနေ တပ်သားသစ် တစ်ဦးဟာ ဇူလိုင်လ ၁၁ ရက်နေ့ညတုန်းက ထွက်ပြေးသွားခဲ့တယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အဲဒီ တပ်သားသစ်ဟာ ဇူလိုင်လ ၁၂ ရက်နေ့မှာပဲ ပြန်လည် ဖမ်းဆီးခံလိုက်ရပြီးနောက် ရိုက်နှက် စစ်ဆေးခံရတာကြောင့် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တပ်ထဲကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ ကုလား(ခ) ကိုရဲဆိုသူက ပြောပါတယ်။
“ပြေးတာတော့ အဖွဲ့လိုက်ပြေးတာပေါ့နော်။ အဲဒီမှာ တစ်ယောက်က လမ်းလွဲသွားလို့ ပြန်ဖမ်းမိသွားတာ။ အဲတစ်ယောက်ကို ဖမ်းမိတော့ သူတို့ နှိပ်စက်လို့ သေသွားတာ” လို့ သူက ပြောပါတယ်။
အဲဒီနောက်မှာ ရုပ်အလောင်းကို အောင်ပန်းမြို့၊ ကုတင် ၇၀၀ စစ်ဆေးရုံဆီ ပို့ဆောင်လိုက်ပြီး ရင်ခွဲ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ သေဆုံးသွားတဲ့ တပ်သားသစ်ကို နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ သေဆုံးတယ်ဆိုပြီး မိသားစု ဝင်တွေဆီကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၀ ဝန်းကျင်အရွယ် ဖြစ်ပြီး မုံရွာမြို့ကနေ မကြာသေးခင်ကမှ တပ်သားသစ် စုဆောင်းခံလိုက်ရတာလို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
“ဘယ်လိုခေါ်မလဲ တပ်သားသစ်က အမျိုးမျိုး ရှိတာပေါ့နော်။ သူတို့ဟာနဲ့ သူတို့ ဝင်တာလဲ ရှိမှာပေါ့နော်။ ပြီးတော့ ချောဆွဲခံရပြီး ဝင်တာလဲ ရှိမှာပေါ့။ ဒီအခု သူများ ပေါ်တာဆွဲတဲ့အချိန် ပါသွားတာတို့ အမျိုးမျိုးပေါ့နော်။ စစ်ကောင်စီက အကြမ်းဖက် လုပ်ချင်သလို လုပ်နေတဲ့ အနေအထားမှာ အကုန်ပါမှာပဲ။ တချို့ကြတော့လည်း တပ်ထဲကနေ သူတို့ ထွက်ပြေးချင်တယ်။ တစ်ဖက်ကလည်း မိသားစုတွေ ရှိတော့ ငဲ့ညာရတာပေါ့” လို့ ကုလား(ခ) ကိုရဲ သူက ဆက်ပြောပြပါတယ်။
စစ်ကောင်စီတပ်တွေဟာ အမှတ် ၄ လေ့ကျင့်ရေး စခန်းက သင်တန်းသား အသစ်တွေကို ထပ်ပြီး ထွက်မပြေးကြဖို့နဲ့ ထွက်ပြေးတဲ့ သင်တန်းသားတွေကိုလည်း မသေမချင်း ရိုက်သတ်ဖို့ ညွှန်ကြားထားတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
လက်ရှိ အမှတ် ၄ လေ့ကျင့်ရေး စခန်းမှာ သင်တန်းသား ၂၀၀ လောက်ရှိပြီး အများစုက အဓမ္မစုဆောင်းခံရသူတွေနဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက်တွေ ဖြစ်တယ်လို့ သိရပါတယ်။