မန္တလေးခရိုင်အတွင်းရှိ တပ်ရင်း ၄ ရင်းကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် မန္တလေးညီနောင်တပ်ပေါင်းစုအဖြစ် တည်ထောင်ပြီးစီးကြောင်း People’s Defense Force- Mandalay က သတင်းထုတ်ပြန်သည်။
မန္တလေးခရိုင် တပ်ရင်း ၃ ၊ မန္တလေးခရိုင် တပ်ရင်း ၄ ၊ မန္တလေးခရိုင် တပ်ရင်း ၅ ၊ မန္တလေးခရိုင် တပ်ရင်း ၆ တို့ကို မန္တလေးညီနောက်တပ်ပေါင်းစုများအဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မန္တလေးညီနောင်တပ်ပေါင်းစုဖွဲ့စည်းရာတွင် နာယက အဖြစ် ဆရာ ကဆုန်မိုးသီး၊ ဥက္ကဌအဖြစ် ဗိုလ်နက္ခတ်၊ ဒုဥက္ကဌအဖြစ် ကိုစိုင်းထွန်းတို့က တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်ကြသည့် ဒေသတွင် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ ပိုမို အင်အားတောင့်တင်းလာကြစေရန်နှင့် တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဘုံသဘောတူညီချက်များဖြင့် ပိုမို စည်းလုံးညီညွတ်စွာ ညှိနှိုင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ စစ်သားကောင်းတို့ လိုက်နာရမည့် စစ်သည်တော်ကျင့်ဝတ်များကို တသဝေမတိမ်းလိုက်နာသည့် အရည်အချင်းပြည့်ဝသည့် လက်နက်ကိုင်တော်လှန်ရေး စစ်သည်တော်များအဖြစ် စုဖွဲ့ပြောင်းလဲရန် ၊ ဒေသတွင်းရှိ အကြမ်းဖက်စစ်တပ်တပ်ဖွဲ့များ ခြေကုတ်ယူရာ နယ်မြေများကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်း၍ တော်လှန်ရးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေ ပိုမိုးတိုးပွားလာစေရန် တပ်ပေါင်းစု ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အမျိုးသား ညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာများကို လှုပ်ရှားအခြေချရာဒေသများအတွင်း ပိုမိုဖြန့်ကြက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ စစ်တပ်၏ လက်အောက်တွင် နည်းလမ်းမျိုးစုံဖြင့် အညှဉ်းပန်း၊ အဖိနှိပ်အချုပ်ချယ်ခံနေရသည့် ပြည်သူများကို ပိုမိုကူညီစောင့်ရှောက်ရန်၊ ပြည်သူများ၏ နိုင်ငံသား ရပိုင်ခွင့်များကို အပြည့်အဝ ကာကွယ်မှုရရှိစေရေး ကူညီဆောင်ရွက်ပေးရန် ၊ ဒေသတွင်းရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူများ၊ တော်လှန်ရေး အင်အားစုများအားလုံးအကြား မတူကွဲပြားသည့် နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေးနှင့် တော်လှန်ရေးဆိုင်ရာ အယူဝါဒများကို ပိုမိုအပြန်အလှန်လေးစားလာကြရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မန္တလေးညီနောင် တပ်ပေါင်းစု ဖွဲ့စည်းရခြင်းတွင် ဒေသတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်များအတွင်း မတူကွဲပြားမှု၊ သာတူညီမျှပါဝင်မှုနှင့် တရားမျှတမှုများ ပိုမိုရရှိလာရန်နှင့် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးကို ပိုမို အရှိန်မြှင့် ဆောင်ရွက်သွားကြရန်တို့လည်း ရည်ရွယ်ကြောင်း သိရှိရသည်။