စစ်အာဏာရှင်စနစ် ကျဆုံးရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာဖို့ စစ်ကောင်စီ ကျဆုံးတဲ့ အထိ ဆက်လက် တိုက်ခိုက်သွားမယ်လို့ ဒီးမော့ဆို PDF တပ်ရင်း (၁၁၀၂) ကဒီကနေ့ ကတိပြု ထုတ်ပြန်လိုက်ပါတယ်။
မနေ့က ကျရောက်တဲ့ ဒီးမော့ဆို PDF တပ်ရင်း (၁၁၀၂) တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနား ထုတ်ပြန်ချက်မှာ အခုလို ကတိပြု ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီးမော့ဆို PDF (၁၁၀၂) တပ်ရင်းဟာ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့နယ်တွေမှာ မဟာမိတ် တပ်ရင်းတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒီးမော့ဆို (၁၁၀၂) တပ်ရင်းဟာ NUG လက်အောက်ခံ တပ်ရင်း ဖြစ်တာကြောင့် MOD က ချမှတ်ထားတဲ့ မူ၀ါဒ အတိုင်း စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
လက်ရှိ ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF အပါအ၀င် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဩဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်တပ် တပ်ရင်းမှူး တစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး အပါအ၀င် စစ်ကောင်စီတပ်သား ၇၀ ကျော်ကို တော်လှန်ရေး အင်အားစုတွေ သုတ်သင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ထားပါတယ်။