စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC က ပြောပါတယ်။
ဒုတိယအကြိမ်ကျင်းပတဲ့ စစ်ကိုင်ဖိုရမ်သို့ သဝဏ်လွှာပေးပို့ရာမှာ PNFC က အဲ့ဒီလို ထည့်သွင်းပြောဆိုလိုက်တာပါ။
ဒါ့အပြင် ရန်သူလက်နက် ကိုယ့်လက်နက်ဖြစ်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ တော်လှန်ရေးတိုင်းတစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်နေတဲ့ စစ်ကိုင်းပြည်သူတို့ရဲ့ စစ်ကိုင်းဖိုရမ်ကို အလေးအနက်ဂုဏ်ပြုတယ်လို့လည်း PNFC ကဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးနဲ့ ၁၁၁၁ စစ်ဆင်ရေးတွေ စတင်ခဲ့ပြီးနောက် နွေဦးတော်လှန်ရေးအောင်မြင်မှုတွေကို နိုင်ငံတကာမီဒီယာကြီးတွေက အလေးပေးဖော်ပြသလို ရန်သူတွေကလည်း အလံဖြူထောင်ပြီး ပြည်သူ့ရင်ခွင်ကို ဘက်ပြောင်းခိုလှုံလာတာ တစ်နေ့တစ်ခြား တိုးပွားလာလျက်ရှိတယ်လို့ PNFC ကဆိုပါတယ်။
အဲ့ဒီလို တော်လှန်ရေးအောင်မြင်မှုတွေကို ချေဖျက်ဖို့အတွက် စစ်အုပ်စုလောဘီတွေဟာ စစ်တပ်မရှိရင် နိုင်ငံပြိုကွဲပျက်စီးမယ် ဆိုပြီး ကျယ်ကျယ်လောင်လောင် ဝါဒဖြန့်နေပေမယ့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ အလွန်ခိုင်မာတဲ့ ဘုံရည်မှန်းချက်ဖြစ်တယ်လို့ PNFC တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“မည်သို့ပင် ဆိုစေကာမူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးဟာ ပြည်သူတစ်ရပ်လုံးရဲ့ ဘုံရည်မှန်းချက်ဖြစ်သကဲ့သလို နိုင်ငံရေးဝိဉာဏ် နိုင်ငံရေးအသက်လည်း ဖြစ်သွားခဲ့ပြီဖြစ်တယ်”လို့ PNFC တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒါကြောင့် စစ်ကိုင်ပြည်သူများ နဲ့ ပအိုဝ်းပြည်သူများအပါအဝင် တောင်တန်းမြေပြန့်ဒေသအသီးသီးမှ တိုင်းရင်းသား လူမျိုးပေါက်းစုံ လူထုလူတန်းစားအလွှာပေါင်းစုံမှ တော်လှန်ပြည်သူများဟာ ပြန်မချလျှင် မရ ၊ ပြန်ချမှ ရမည်၊ မညီညွတ်လျှင် မရ ၊ ညီညွတ်မှ ရမည် ဆိုတဲ့ နွေဦးတော်လှန်ရေးရဲ့ အခြေခံရပ်တည်ချက်များကို ဆုပ်ကိုင် ချီတက်လျက်ရှိတယ်လို့ PNFC ကပြောပါတယ်။
ဒါကြောင့် အဲ့ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရန်အတွက် တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက် တစ်ရပ်ရရှိရန် အထူးလိုအပ်သလို တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရေး ပီပြင်ခိုင်မာတဲ့ အောင်ပွဲဖြစ်ရေးအတွက် စစ်ကိုင်းဖိုရမ်အပါအဝင် တော်လှန်ရေးအင်အားစုအားလုံးက မဟာဗျူဟာမြောက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်တယ်လို့ PNFC ကပြောပါတယ်။
အဲ့ဒီအထူးလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက်ကိုလည်း စစ်ကိုင်းတိုင်းဖိုရမ်မှာ ပါဝင်နေတဲ့ အင်အားစုအသီးသီးက လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်းကိုလည်း PNFC ကဆိုပါတယ်။