စစ်အုပ်စုခန့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ဇာတိဖြစ်တဲ့ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာ စစ်အုပ်စုနဲ့ ပျူစခန်းတွေကို ဒီမနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနဲ့ပျူ (၁၅)ယောက်ခန့် သေပြီး သေနတ် ရှစ်လက် သိမ်းဆည်း ရရှိတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်း ထုတ်ပြန်ပါတယ်။
“ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၊ စကစရဲ့ စစ်ကိုင်းတိုင်းရဲ့ ဝန်ကြီးချုပ်ဆိုသူရဲ့ ရွာကို ဒီကနေ့ မနက်(၁)နာရီ (၅၀)မိနစ်အချိန် ခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ မြို့နယ်ပကဖ၊ တပ်ရင်း(၂၅)၊ ရပ်ကျေးပကဖ ပူးပေါင်းအဖွဲ့များက စခ အထိုင်စခန်း၊ ကာဘိုးရွာပေါ် နေရာခွဲ ထိုင်ထားသော ပျုစခန်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့ပါသည်။ စခ နှင့် ပျု (၁၅)ကောင်ခန့် ဂန့်ပြီး ကာဘိုင် နှစ်လက်၊ (MA-1) တစ်လက်၊ (G-3) တစ်လက်၊ အိန္ဒိယ ပြောင်းချော သုံးလက်၊ ပစ္စတို တစ်လက်၊ လက်လုပ်အတို တစ်လက်၊ ကျည်ဘောက် ငါးခု၊ ကျည်များ သိမ်းဆည်းရမိခဲ့ပါသည်” လို့ ကန့်ဘလူမြို့နယ် ပကဖ က ဖော်ပြပါတယ်။
ပြည်သူလူထု နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ စီးနင်းလုယက်တာ၊ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေ မလုပ်ဘဲ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာလို့ ကန့်ဘလူမြို့နယ် ပကဖ က ဆိုပါတယ်။
“မိမိတို့ တော်လှန်ရေး သမားတိုင်းသည် ပြည်သူလူထု နေအိမ်များ မီးရှို့လုယက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပြည်သူလူထု ထိခိုက်စေသော အရာများကို လုံးဝ မပြုလုပ်ဘဲ အဓိက စစ်ရေး ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်” လို့ ကန့်ဘလူမြို့နယ် ပကဖ က ဖော်ပြပါတယ်။
အဲ့ဒီ ကာဘိုးရွာ စခန်းသိမ်းတိုက်ပွဲဟာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တချို့က ပြောပြီး သုံ့ပန်းတချို့ ဖမ်းမိတယ်လို့ သတင်းထွက်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
ကန့်ဘလူမြိုနယ် တောင်ခြမ်း ကာဘိုးစံပြရွာရှိ စစ်အုပ်စုနဲ့ ပျူစခန်းတွေကို မနေ့က ညပိုင်း တော်လှန်ရေး တပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိတယ်လို့ သတင်းရကြောင်း ကန့်ဘလူနယ် သတင်းတွေ တင်ဆက်နေတဲ့ Infinity Group က ဖော်ပြပါတယ်။
စစ်အုပ်စုက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသူ ဦးမြတ်ကျော်ဟာ ကန့်ဘလူနယ် ကာဘိုးရွာ ဇာတိ ဖြစ်ပြီး စစ်အာဏာမသိမ်းခင်က စစ်ဗိုလ်ချုပ်ဟောင်း၊ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် အဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။