စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၅ ထောင်ကျော် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်ဒီမနက် ၂ နာရီခွဲလောက်မှာ စစ်ကိုင်းမြို့၊ အုန်းတောရွာအနီးရှိ အမှတ် ၆၀၀၅ တင့်ကားတပ်မှ အင်အား ၆၀ လောက်ပါတဲ့ စစ်အုပ်စုက ဆားတောင်မြို့မြောက်ဘက် ၂ မိုင်အကွာရှိ သိမ်ချောင်းရွာဘက်ကို စတင်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
သိမ်ချောင်းရွာ၊ သာဇင်၊ မင်္ဂလာရေစဥ် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၇ ရွာလောက်ကို စစ်ကြောင်းထိုးတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် ညနေ ၃ နာရီကျော်လောက်မှာ အဆိုပါစစ်အုပ်စုနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းချောင်းရွာအနီးမှာ ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်းဟာ စစ်ကိုင်း-ဝက်လက်မြို့နယ်အစပ်မှာ ရှိနေပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကိုင်း-ဝက်လက်မြို့နယ်ကားလမ်းအနီးမှာ တိုက်ပွဲတွေဖြစ်နေသလို ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်မှာလည်း စစ်တပ်စစ်ကြောင်းထိုးနေလို့ ဒီနေ့မနက်ပိုင်းကစပြီး စစ်ကိုင်း-ရွှေဘိုကားလမ်းကို အသုံးမပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။