အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ရန် ဖော်ပြတိုက်တွန်းထားသည်။
ကရင်နှစ်သစ်ကူးနေ့ အခါသမယမှစ၍ တစ်နိုင်ငံလုံးမှ တော်လှန်ရေးအင်အားစု များနှင့်အတူ အကြမ်းဖက်စစ်အုပ်စုကို ပြိုလဲသည်အထိ လက်တွဲညီညီ တိုက်ထုတ်ကာ တန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်ပြီး ကရင်တိုင်းရင်းသားတို့၏ လူမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်နိုင်ကြပါစေဟု သဝဏ်လွှာ ၌ ဆန္ဒပြု ဖော်ပြခဲ့သည်။
တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ကရင်ပြည်ကို အစပြုထူထောင်နိုင်သည့် မင်္ဂလာနှစ်သစ် ဖြစ်ပါစေဟုလည်း ဆုတောင်းထားသည်။
၂၀၂၃နှောင်းပိုင်းတွင် နိုင်ငံတဝန်းရှိ တိုင်းရင်းသား မဟာမိတ်တော်လှန် ရေးအင်အားစုများက အကြမ်းဖက်စစ်အုပ်စုကို အပြင်းအထန် ဖိနှိပ်တိုက်ခိုက်မှုများကြောင့် အကြမ်း ဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်နှင့် အင်အားယိုစီးမှုများ ဖြစ်ပေါ်လာပြီး တော်လှန်ရေးအင်အားစု များဘက်မှ အောင်ပွဲအလီလီ ရယူသိမ်းပိုက်နိုင်ခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာကြပြီဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ထည့် သွင်းဖော်ပြထားသည်။