ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ဗားရ်ရွာက အာဏာသိမ်း စစ်အုပ်စု အခိုင်အမာ ခြေကုပ်ယူထားတဲ့ ဗားရ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာမှာ ဦးဆောင်ခဲ့တဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – Chin National Defense Force (CNDF) တပ်မဟာ(၁)ရဲ့ တပ်မဟာမှူး Salai Daniel ကို CNDF စစ်ဦးစီးချုပ် အဖြစ် ရာထူးတိုးမြင့် ခန့်အပ် လိုက်တယ်လို့ ချင်းအမျိုးသား အဖွဲ့ချုပ် / ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ – CNO/CNDF က သတင်း ထုတ်ပြန်ပါတယ်။
CNDF စစ်ဦးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သူ Salai Peter Thang ဟာ CNO ရဲ့ ဒု-ဥက္ကဌ အဖြစ် ပြောင်းရွေ့ တာဝန် ပေးအပ်ခံရတာကြောင့် CNDF တပ်မဟာ(၁) တပ်မဟာမှူး Salai Daniel က စစ်ဦးစီးချုပ် ဖြစ်လာတာလို့ ဆိုပါတယ်။
“CNDF စစ်ဦးချုပ် အဖြစ် ထမ်းဆောင်ခဲ့သည့် Salai Peter Thang သည် CNO ဒု-ဥက္ကဌ(၁) တာဝန် ပေးအပ်ခြင်း ခံရသဖြင့် လစ်လပ်သွားသော CNDF စစ်ဦးစီးချုပ် နေရာတွင် Salai Daniel ကို ခန့်အပ်ထားရှိပါသည်။ ၎င်း Salai Daniel မှာ ယခင် တပ်မဟာ(၁)၏ တပ်မဟာမှူး ဖြစ်ခဲ့ပြီး၊ ၎င်း တပ်မဟာမှူး တာဝန်ထမ်းဆောင်ချိန်၌ တပ်မဟာ (၁) အတွင်း ရှိသော ဗါးရ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် အဓိက တာဝန်ယူခဲ့သော တပ်မှူးလည်း ဖြစ်ခဲ့သည်” လို့ CNDF က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ(၁၀)ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဗားရ်ကျေးရွာက စစ်အုပ်စု စခန်းကို CNDF တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းပိုက်ရရှိခဲ့ပါတယ်။
ဗားရ်စခန်းမှာ စစ်အုပ်စု အင်အား(၂၅)ယောက် ရှိနေပြီး စခန်းသိမ်း တိုက်ပွဲအတွင်း အရာရှိအဆင့် အပါအဝင် စစ်အုပ်စု (၁၄)ယောက် သေကာ ကျန်(၁၁)ယောက်ကို CNDF တပ်က အရှင်ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ စခန်းသိမ်း တိုက်ပွဲကနေ လက်နက်မျိုးစုံ အလက်(၂၀)ကျော်၊ ကျည်တွေ၊ ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ CNDF က ထုတ်ပြန်ထားပါတယ်။