မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် လူနေကျေးရွာများပစ်ခတ်ခဲ့၍ CDM ကျောင်းဆရာမတစ်ဦး ထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန်လ ၁၁ ရက်) နံနက် ၆နာရီခန့်က စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သည် ရိက္ခာပြတ်၍ သံခွံရေယာဥ်ဖြင့် ထွက်လာရာ ကင်းစောင့်နေသော မြို့နယ်ပကဖရဲဘော်များက ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သားတစ်ဦး ဒဏ်ရာရရှိကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့နောက် စစ်ကောင်စီတပ်က ကျွန်းပေါ်ကျေးရွာများသို့ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ထီးကုန်းရွာမှ ကျောင်းဆရာမ ဒေါ်မေဇင်ဝင်းဆိုသူ လက်နက်ကြီး ထိမှန်သေဆုံးသွားသွားကြောင်း ဒေသခံများက ပြောသည်။
“သေဆုံးသူ ဆရာမက အသက်က (၃၀)ကျော်အရွယ်။ သာယာဝတီအုပ်စု ထီးကုန်းရွာက CDM ဆရာမပါ။”ဟု ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ယနေ့ နံနက် ၇နာရီခန့်တွင် ထီးကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ ဝါးပိုးနှင့် ဒိုးနွယ်ရွာကိုလည်း လေကြောင်းမှဗုံးသုံးလုံးကြဲ တိုက်ခိုက် သွားကြောင်း ဒေသခံများက ပြောသည်။
” မြေပြင်မှာတိုက်ပွဲမရှိဘဲနဲ့ အရပ်သားတွေရှိရာနေရာဆီ ပစ်ခတ်နေတာပါ။ ထီးကုန်းမှာ အိမ်ပေါ် လက်နက်ကြီးကျပြီး CDM ကျောင်းဆရာမဒေါ်ဇင်မေဝင်း သေဆုံးပါတယ်။ သူ့အဖေလည်း ဒဏ်ရာရပါတယ်။ ဆရာမမှာ ခုနစ်လသားအရွယ်ကလေးငယ်ကျန်ရစ်ခဲ့တယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေက လူမဆန်ပါဘူး”ဟု စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။
ဝါးပိုးနှင့် ဒိုးနွယ်ကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို မသိရှိရသေးပေ။ စစ်ကောင်စီသည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာအချို့ကိုလည်း လက်နက်ကြီးများတပ်ဆင်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာများအား ပစ်ခတ်မှုများဆက်လက်ပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။
တော်လှန်ရေးအားကောင်းသော စဥ့်ကူးမြို့နယ် တွင် စစ်ကောင်စီတပ်အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ ဒိုးနွယ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၍ ပြည်သူအများအပြား သေဆုံးခဲ့သေးသည်။