မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ် အတွင်း စစ်ကောင်စီရေယာဥ်က အကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဝါးဖောင်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၂၈ရက်) နံနက် ၇နာရီခန့်က စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးကျေးရွာမှ စစ်အုပ်စုသည် သံခွန်ရေယာဥ်တစ်စီးအား ချောဆွဲပြီး ထုံးကြီးကျေးရွာဘက်သို့ ဆန်တက် လာချိန် မြစ်ကမ်းဘေးရှိ ကျေးရွာများအား လက်နက်ကြီး၊ စက်လက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ညနေ ၄နာရီခန့်တွင် စစ်အုပ်စုသည် ထုံးကြီးရွာမှ ရိက္ခာများတင်ဆောင်လာပြီးအပြန် မြစ်ကမ်းဘေးကျေးရွာများအား ထပ်မံရမ်းသမ်းပစ်ခတ်ရာ အသက်(၄၂)အရွယ် အင်းဝသား ဝါးဖောင်သမား ဦးစန်းသူဆိုသူ ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဝါးဖောင်က အေးသာယာ ကျွန်းမှာကပ်ထားတာ။ ဖောင်သမားကကြောက်လို့ ကမ်းပေါ်ပုန်းရှောင်နေချိန် ထိမှန်တာ။ စခတွေက ထုံးကြီးကနေ သောက်စားမူးရူးပြီး ပတ်ရမ်းသွားတာ။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကျွန်းဦးရွာနှင့် အေးသာယာရွာရှိ နွား(၂)ကောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်အုပ်စုသည် ကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်နေ၍ ကျေးရွာနေ ပြည်သူ များ စစ်ဘေးရှောင်နေရကြောင်း၊ စိုက်ပျိုးထားသော သီးနှံများလည်း ရိတ်သိမ်းခွင့်မရ၍ ဆုံးရှုံးမှုဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားကြရန် ဒေသတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။