မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဧရာဝတီမြစ်ရိုးက ကျေးရွာတွေကို ဒီမနက် စစ်အုပ်စုက မြစ်ထဲကရော ကုန်းပေါ်ကပါ နှစ်ဖက်ညှပ်ပြီး စီးနင်းလုယက် အကြမ်းဖက်နေလို့ ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရကာ သဲအင်းကျေးရွာတော့ မီးရှို့ခံနေရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ(၁၉)ရက် မနက်(၅)နာရီလောက်မှာ မန္တလေးဘက်ကနေ ဆန်လာတဲ့ သံခွန်သင်္ဘောနဲ့ စစ်အုပ်စုဟာ ကြက်တူရွေးကျေးရွာကို စီးနင်းလုယက်ပြီး စဥ့်ကူးနယ် ရွာသာယာရွာ ပျူစခန်းက စစ်အုပ်စုနဲ့ ပျူတွေက ဟင်္သာမကျေးရွာကို ပစ်ခတ်စီးနင်း လုယက်တာလို့ ဆိုပါတယ်။
အဲ့ဒီလို မြစ်ရိုးက ကျေးရွာတွေကို နှစ်ဖက်ညှပ်ပြီး စီးနင်းလုယက်နေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေ တိုက်ခိုက်ရာ ဟင်္သာမကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ဒီမနက်(၁၁)နာရီလောက်က စပြီး သဲအင်းကျေးရွာကို မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။
သဲအင်းရွာ စီးနင်းလုယက် မီးရှို့ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ရုတ်တရက် ဝင်တိုက်ခံရတာ။ နှစ်ဖက်ညှပ်ပစ်တာ ပြေးလိုက်ရတာ။ ဘာမကို ယူချိန်မရဘူး။ စိုက်ပျိုးမယ့် ပဲတွေပဲ ရှိတာ။ ကျန်တာကတော့ အရင်တခါ မီးရှို့ထဲက ကုန်ပြီ “လို့ ဒေသခံတဦးက ပြောပါတယ်။
ယခုရာသီဟာ မြေပဲတောင်သူတွေ စိုက်ပျိုးချိန်မို့ မျိုးပဲတွေ ဝယ်ယူထားချိန် ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မေလကလည်း သဲအင်းကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်လေယာဥ်နဲ့ ရွာကို ဗုံးကျဲပစ်ခတ်ပြီးနောက် မြေပြင် စစ်ကြောင်းက ရွာကို ဝင်မွှေလုယက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက အကြမ်းဖက် သောင်းကျန်းနေလို့ သဲအင်း၊ ဟင်္သာမ၊ ကြက်တူရွေး စတဲ့ စဉ့်ကူးနယ် ဧရာဝတီ မြစ်ရိုးကျေးရွာတွေက ထောင်ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သတင်းရရှိပါတယ်။