မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာတော်လေးကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်အတွင်းထိ ဝင်ရောက်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (မတ်လ၂ရက် နေ့လယ်ပိုင်းက ငွေတောင်ကျေးရွာအုပ်စု၊ ရွာတော်လေးကျေးရွာ၏ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ခင်မောင်စိုးဆိုသူသည် နေအိမ်၌ ရှိနေစဥ် ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်း(စဥ့်ကူး)အဖွဲ့က ပြောသည်။
“ကျည် နှစိချက်မှန်ပြီး ရှောသွားတယ်လို့ သတင်းရတယ်။”ဟု ကင်းထောက်မြေပြင်သတင်း(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းအုပ်ချုပ်ရေးမှူးအား မည်သည့်အဖွဲ့က ရှင်းလင်းခဲ့သည်ကိူမူ မသိရသေးပေ။
ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကာ တစ်ပတ်အတွင်း အုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံရှင်းလင်းခံရခြင်းဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ အလင်းမဝင်ပါက ဆက်လက်ရှင်းလင်းသုတ်သင်သွားမည်ဟု စဥ့်ကူးမြို့နယ် ပကဖက သတိပေးထားသည်။
အာဏာသိမ်းစစ်တပ်ဘက်ကလည်း စဥ့်ကူးမြို့နယ်အတွင်း လက်နက်ကြီးများအကြောင်းမဲ့ပစ်ခတ်ခဲ့၍ ဖေဖော်ဝါရီလကုန်ပိုင်းက သုံးရက်အတွင်း ကလေးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးသေဆုံးခဲ့သေးသည်။