မကွေးတိုင်း၊ စလင်းမြို့နယ် ရဲစခန်းကို ရှော့တိုက်ဒုံး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၉ ရက်နေ့ နံနက်အစောပိုင်းတွင် စလင်းမြို့နယ် ရဲစခန်းကို စလင်း ပကဖ ရဲဘော်များက လက်နက်ကြီး၊ ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းထဲကျရောက် ပေါက်ကွဲပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးကို နေပြည်တော်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရှိရသည်။
“ကျွန်တော်တို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စလင်းရဲစခန်းထဲကို တည့်တည့်ကျရောက်ပေါက်ကွဲပြီးတော့ ရဲခွေး ၆ ကောင် နေပြည်တော်ဆေးရုံထိ ပို့ထားရတယ်လို့ တပ်တွင်းသတင်းအရ သိရတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စလင်းမြို့နယ် အနီးတဝိုက်တွင် ပြည်သူလူထုကို စစ်မှုထမ်းဥပဒေ အသုံးပြုပြီး နည်းအမျိုးမျိုးဖြင့် ထိပါးနှောက်ယှက်နေသော စလင်းရဲများကို အထူးသတိပေးလိုကြောင်း စလင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။