မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခက်သင်ကျေးရွာပေါ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ ၂၂ ရက်) နံနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ ခက်သင်ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့၍ ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ထိတာ လူလတ်ပိုင်းအရွယ်တွေ ဖြစ်မယ်။ တိုက်ပွဲမဖြစ်ဘဲ ဒီတိုင်းလာချတာ။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ သုံးဦး၏ ထိခိုက်ဒဏ်ရာအခြေအနေမှာမူ အသေးစိတ်မသိရသေးပေ။
“ဆည်သည် ရွာကနေချတာ။ စက်လှေနဲ့ထွက်ထွက်လာပြီးတော့။”ဟု ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင် ဗိုလ်ကင်းက ပြောသည်။
အလားတူ စက်တင်ဘာ ၁၈ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာရှိ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက်ရိုက်နှက်ခဲ့ရာ (၃၀)အရွယ်အမျိုးသမီးတစ်ဦးနှင့် (၄)နှစ်အရွယ်ကလေးငယ်တို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့က ပြောသည်။
စဥ့်ကူးမြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ကလည်း ငွေတောင်ရွာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မိသားစုဝင် သုံးဦးကို ပျူစောထီးအဖွဲ့ဝင်များက သတ်ဖြတ်သွားခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းနေသည့် စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဧပြီအတွင်းကလည်း ခက်သင်ရွာရှိ နေအိမ် ၁၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသမီးတစ်ဦးအား ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။