မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ငွေတောင်ကျေးရွာရှိ စားသောက်ဆိုင်တစ်ဆိုင်မှ လင်မယားနှစ်ဦးနှင့် (၁၃)နှစ်အရွယ်သမီးဖြစ်သူတို့ကို ပျူစောထီးများက သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက် ၁ နာရီခန့်က လင်မယားနှစ်ဦးနှင့် ၎င်းတို့၏သမီးဖြစ်သူတို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ အမျိုးသမီး၏ ရုပ်အလောင်းကိုမူ ကားလမ်းဘေး နေရာ၌ တွေ့ရှိကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့ဝင် ဗိုလ်ကင်းက ပြောသည်။
အဆိုပါမိသားစုအား ရေတော်ကျေးရွာမှ ပျူစောထီးများက လာရောက်သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။ “ကျွန်တော့်အထင် ပြီးခဲ့တဲ့ ၈လပိုင်း ၂၅ရက်နေ့ညက ပျူစောထီး မောင်နိုင်ရဲ့သား ငွေတောင်ရွာက အဲဒီညအလင်းဆိုင်(စားသောက်ဆိုင်)မှာ ပစ်ခက်ခံရမှုကြောင့်လို့ ယူဆရတယ်။”ဟု ဗိုလ်ကင်းက ပြောသည်။ သြဂုတ် ၂၅ ရက်ညက အဆိုပါစားသောက်ဆိုင်၌ ပစ်ခတ်ခံရသည့် ပျူစောထီး မောင်နိုင်၏ သားဖြစ်သူမှာ အသက်သေဆုံးခြင်းမရှိဘဲ ဒဏ်ရာဖြင့် ပြင်ဦးလွင်စစ်ဆေးရုံ၌ ကုသနေကြောင်း သိရသည်။