ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အနီး စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့ ဧပြီ ၂၇ရက်တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA အနေဖြင့် ဆင်ဘိုမြို့ကို သိမ်းပိုက်ပြီးနောက် မြို့အနီးရှိ ခလရ(၁၄၁)တပ်ရင်းကို သိမ်းနိုင်ရေး အကြိမ်ကြိမ်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဧပြီ ၂၆ရက်တွင် ထပ်မံထိုးစစ်ဆင်နေခြင်းဖြစ်သည်။
” ဆင်ဘို မရသေးဘူး။ ဒီနေ့လည်း ပြင်းထန်နေဆဲ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧပြီ ၂၇ရက် နေ့လယ်ပိုင်းတွင် ပြောသည်။
KIAသည် ဆင်ဘိုမြို့သိမ်းတိုက်ပွဲကို ဖေဖော်ဝါရီ က စတင်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ရက်တွင် မြို့ကို သိမ်းနိုင်ခဲ့ပြီး မြို့အနီး ခလရ(၁၄၁) တပ်ရင်း ကျန်နေ၍ ထပ်မံ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဆင်ဘိုမြို့အနီး စစ်ကောင်စီတပ်ရင်း ထိုးစစ်ဆင်မှု အခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။