ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်ရှိ စစ်ဘေးရှောင် တစ်ထောင်ကျော် ထောက်ပံ့ကြေးငွေမလုံလောက်၍ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
လူသားချင်းအကူညီပေးလုပ်ငန်းဆောင်ရွက်ပေးနေတဲ့ NGO အဖွဲ့က စစ်ကောင်စီကနေ တဆင့် စစ်ဘေးရှောင် တစ်ဦးလျင် (၃၀၀၀၀) ကျပ် လစဉ် ကူညီထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိကုန်စျေးနှုန်းနဲ့ စားဝတ်နေရေးအတွက် လုံလောက်မူမရှိဟု စစ်ဘေးရှောင် တစ်ဦးက ဆ်ိုပါတယ်။
“ကျွန်တော်တို့ စစ်ဘေးရှောင် တစ်ဦးကို (၃၀၀၀၀) ကျပ်စီ ထောက်ပံ့ပေးတယ်၊ လက်ရှိ ဆမီးမြို့ ကုန်စျေးနှုန်း ဆန် ၁ အိတ်ကို (၈၅၀၀၀) စျေးရှိတယ်၊ ရရှိတဲ့ ထောက်ပံ့ကြေးနဲ့ လုံလောက်မူမရှိဘူး၊ အဆင်ပြေသလို စားသောက်နေရတယ်” လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့ထိ ဆမီးမြို့ ကုန်စျေးနှုန်းမှာ ရိုးရိုးဆန် ၁ အိတ်ကို (၈၅၀၀၀)ကျပ်၊ Family care ဆပ်ပြာ တစ်ခဲ (၂၀၀၀)ကျပ်၊ ဆီ ၁ပိသာ (၁၅၀၀၀) ကျပ်၊ ကြက်သွန်နီ ၁ပိသာ (၆၀၀၀) ကျပ်ထိ ရှိတယ်လို့ ဆိုပါတယ်။
ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင် အိမ်ထောင်စု (၃၂၄) ခန့်ရှိပြီး၊ ကျား(၆၇၇)၊ မ (၇၆၆) စုစုပေါင်း လူဦးရေ (၁၄၄၆) ယောက် ရှိပြီး ၎င်းစစ်ဘေးရှောင်တွေက ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွင် ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြား ပြိုင်တိန်ရွာ မိတ်စာရွာ၊ ငမြင့်သောင်ရွာ၊ ကူးဝရွာ၊ ရွှေချောင်းရွာ၊ လယ်လှရွာ၊ စိမ်းစင်းရွာ၊ အလင်ဝရွာ၊ ဘောင်ဝီးရွာနဲ့ ကြက်မအိုင်ရွာ စတဲ့ ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။