ချင်းပြည်နယ် ပလက်ဝခရိုင်၊ ဆမီးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားလို့ မြို့နေပြည်သူ အားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆမီးမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းရှစ်နာရီခွဲလောက်မှာ ဆမီးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA) တိုက်ခိုက်ခဲ့ပြီး တစ်နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆမီးမြို့ဒေသခံတစ်ဦးက “ဒီနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ ကျတော်တို့ မြို့နေပြည်သူ အားလုံးနီးပါး နီးစပ်ရာရွာတွေ ဘက်ကိုအသက်လုပြီး ထွက်ပြေးလာကြရတယ် ဘာပစ္စည်းမှလည်း မသယ်နိုင်လိုက်ဘူး၊ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲတော့ မသိသေးဘူး”လို့ပြောပါတယ်။
ဆမီးမြို့အမှတ်(၂) ရပ်ကွက်က ပလက်ဝ – ဆမီး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ရင်ကွဲတောင် တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA )က သွားရောက်တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။