ဒီနေ့ကျရောက်တဲ့ ၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က “ဆလိုင်းတင်မောင်ဦးဟာ ရုပ်ခန္ဓာအားဖြင့် ကျဆုံးသွားပေမယ့် ဆလိုင်းတင်မောင်ဦးရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကတော့ မသေဆုံးသေးပါဘူး။ အသက်ငယ်ရွယ်ပေမယ့် မြန်မာတစ်နိုင်ငံလုံး စစ်ဖိနပ်ရဲ့ နင်းပြားအောက်က ရုန်းထွက်နိုင်အောင် ဆလိုင်းတင်မောင်ဦးဟာ သူ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြသခဲ့သူ ဖြစ်ပါတယ်။ ဒါတွေကို ပြန်လည် အောက်မေ့ပြီး ကျွန်တော်တို့ဟာ ဆလိုင်းတင်မောင်ဦးရဲ့ ပြတ်သားသော ရပ်တည်ချက်ကို အလေးအမြတ် ပြုကြပါစို့လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့တာကိုအကြောင်းပြုပြီး ၁၉၇၆ ခုနှစ် ဇွန်လ (၂၆) ရက်မှာ စစ်အာဏာရှင်အုပ်စုက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့တာပါ။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ” စစ်အာဏာရှင်ပေးတဲ့အကြောက်တရားတွေက လူသာမန်တွေအတွက် ကြောက်စရာဖြစ်ပါတယ်။ သို့သော် အဲဒီအကြောက်တရားတွေကို မလွန်ဆန်နိုင်ရင် တရားမျှတမှုနဲ့ လွတ်လပ်ခြင်းတွေ သားစဥ်မြေးဆက် ပျောက် ဆုံးသွားနိုင်တာကတော့ ပိုပြီးတောင်ကြောက်စရာကောင်းလွန်းပါတယ်။ တရားမျှတမှုနဲ့ လွတ်လပ် ခြင်း မရှိရင် စစ်မှန်တဲ့လုံခြုံငြိမ်းချမ်းမှုနဲ့ လူတွေရဲ့ကိုယ်ပိုင်ပြဌာန်းရွေးချယ်နိုင်ခွင့်တွေ ဘယ်တော့မှ မရလာနိုင် ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်တွေဖန်တီးတဲ့ အကြောက်တရားများကို စုပေါင်းအားနဲ့ဖယ်ရှားကြရမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
၄၇ နှစ်မြောက် ဆလိုင်းတင်မောင်ဦးအထိမ်းအမှတ်နေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ၊ ပြည်ထောင်စုဝန်ကြီးချုပ် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသဘာပတိများ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီဝင်များ၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားအဖွဲ့အစည်း အသီးသီးမှခေါင်းဆောင်များ၊ အထူး ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါတယ်။