စစ်ကိုင်း မုံရွာ ကားလမ်းမကြီးပေါ်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ပေါ်ကို ဇွန် (၆) ရက်က မြင်းခြံခရိုင် တပ်ရင်း(၇) – Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင်နဲ့ တော်လှန်ရေး ရဲဘော်တွေ လက်နက်တွေနဲ့တကွ လှည့်လည်သွားလာရင်း ဈေးဝယ်ခဲ့တဲ့ ရုပ်သံကို ထုတ်ပြန်ပါတယ်။
ဆားတောင်မြို့ဟာ စစ်အုပ်စု တပ်မ(၃၃) အခြေစိုက်ထားတဲ့ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက် (၁၀)မိုင်အကွာမှာ တည်ရှိတဲ့ မြို့ ဖြစ်ရှိပါတယ်။
အခုလို မြို့ပေါ်ကို လက်နက်နဲ့တကွ ပေါ်ပေါ်တင်တင် သွားရောက်ရတာက လိုအပ်ရင် ဆားတောင်မြို့ကို သိမ်းနိုင်အောင် သွားရောက်လေ့လာတာလို့ မြင်းခြံခရိုင် တပ်ရင်း(၇) – Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက MFP ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေ(၂၁) ရက်ကလည်း မြင်းခြံခရိုင် တပ်ရင်း (၇) – Zeroပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အပါအဝင် တော်လှန်ရေးအဖွဲ့တွေဟာ ဆားတောင်မြို့ပေါ်က စစ်အုပ်စု တပ်စွဲထားတဲ့ ရဲစခန်းကိုစခန်းသိမ်းတိုက်ပွဲ အဖြစ် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်အုပ်စုဘက်က လေယာဉ်ပစ်ကူလာလို့ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်အုပ်စုဘက်က အရာရှိ အပါအဝင် (၁၂) ယောက်သေတယ်လို့တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဟာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလူပ်ရှားနေတာဖြစ်ပြီး အခုအခါမှာတော့ NUG ရဲ့ MOD ကွပ်ကဲမှုအောက်မှာ မြင်းခြံခရိုင် တပ်ရင်း(၇) အဖြစ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။