စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ မော်တော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ဧရာဝတီမြစ်ကြောင်းမှ ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ မော်တော် ၃ စင်းက ကမ်းဘေးကျေးရွာများကို လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။
လက်ရှိချိန်တွင် မြစ်ရေတက်ချိန်ဖြစ်ပြီး မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်သူများမှာ မိုးရေထဲ ဒုက္ခများစွာနှင့် ရှောင်တိမ်းနေရခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ကမ်းဘေးတောက်လျှောက် ရှောင်နေရတာ။ ပြည်သူ ထောင်ချီလောက် ရှိတယ်။ တိုက်ပွဲမဖြစ်ဘဲ ဆန်တက်လာရင်း ပစ်တာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယင်း ချင်းတွင်းမြစ်တွင်း ဆန်တက်လာသည့် အကြမ်းဖက်စစ်တပ်၏ မော်တော်များသည် မုံရွာသို့ လက်နက်ခဲယမ်းများလာပို့ခြင်းဟု သိရှိရကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းထံမှ သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ နောက်ထပ် စစ်ကြောင်းတစ်ခုဖြစ်သည့် ဆားလင်းကြီးမြို့ပေါ်မှထိုးလာသော စစ်ကြောင်းသည်လည်း ဆားလင်းကြီးတောင်ဘက်ရှိ ဆားခါးရွာသို့ရောက်ရှိပြီး ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေကြောင်း၊ ရွာသားများ ဖမ်းဆီးခံရမှု ရှိ မရှိကိုမူ မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။