စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း တက်လာသည့် အကြမ်းဖက် စစ်တပ်၏ လေယာဥ်ဆီနှင့် ရိက္ခာတင် သင်္ဘောအုပ်စုကို တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင် က ပြောဆိုသည်။
သြဂုတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေစကြိုမြို့နယ်မှ ချင်းတွင်းမြစ်ကြောင်း အတိုင်း အထက်သို့ ဆန်တက်လာသည့် အကြမ်းဖက် စစ်တပ်၏ လေယာဥ်ဆီနှင့်ရိက္ခာ တင်ဆောင်လာသော မော်တော် ၃ စီးနှင့် စစ်ရေယာဥ်၂ စီးကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဆားလင်းကြီး မြို့နယ်အတွင်း အသင့်စောင့်ဆိုင်းပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်သေဆုံးမှု များစွာရှိနိုင်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
” ဖလပ် မော်တော် ပေါ်က စစ်ခွေး ၂ ကောင် သေတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆားလင်းကြီးမြို့နယ်ထဲ ဝင်အလာမှာ တိုက်ခိုက်ခဲ့တယ်” ဟု ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင် က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ (ဓားမဆိုင်းတပ်မတော်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀၊ ကြုံတိုင်းပျောက်ကြားတပ်ဖွဲ့ နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။