စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကျားဘီးလူးစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော် မှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ကိုထွဋ်ခေါင် က ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နံက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ဆားလင်းကြီးမြို့ အဝင် အနောက်ဘက်ခြမ်းကို အကြမ်းဖက် စစ်တပ်၏ ကျားဘီးလူး စစ်ကြောင်း ရောက်ရှိလာစဥ် ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်း တပ်မတော်က ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိပြီး အကြမ်းဖက် စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျားဘီးလူး စစ်ကြောင်းသည် လက်ရှိချိန်တွင် ဆားလင်းကြီးမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ရောက်ရှိနေကြောင်း၊ ယင်း စစ်ကြောင်းက ပုလဲမြို့နယ် အတွင်း စက်တင်ဘာ ၂၇ ရက်နေ့က ညောင်းကုန်းရွာမှ တော်လှန်ရေးရဲဘော် ၁ ဦးနှင့် ပြည်သူ ၂ ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။