စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာ ၁၁ ရွာ ရေနစ်မြုပ်နေပြီး သောင်းနှင့်ချီသော ပြည်သူများ ရေသန့်၊ ဓာတ်ဆားနှင့် စားသောက်ကုန်များ လိုအပ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်၍ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီး၊ ကူးတို့ကုန်း၊ ပလောင်၊ ရွှေလှေ၊ တုံ၊ လက်ပံတောင်း၊ ဆားထုံး၊ လက်ပန်ကျွန်း၊ နှင်းတော၊ ရုံးပင်ရိုး၊ ထန်းတောကြီး စသည့် ကျေးရွာများအတွင်း မြစ်ရေများ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနစ်မြုပ်သည့် ကျေးရွာများထဲတွင် စစ်ရှောင်ရွာ ၆ ရွာခန့် ပါဝင်ပြီး လက်ရှိချိန်တွင် အဆိုပါ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာကို ရွေ့ပြောင်း နေရကြောင်း သိရှိရသည်။
“မြစ်ကမ်းဘေးကျေးရွာ အကုန် ရေဝင်ပါတယ်။ ရေသန့်၊ ဓာတ်ဆားနဲ့ စာသောက်ကုန်တွေ လိုအပ်နေပါတယ်”ဟု ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ တာဝန်ရှိသူက ပြောကြားသည်။