စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ဓားမဆိုင်းတပ်ရင်းမှ ပထမဦးဆုံးအကြိမ်အဖြစ် ဝေဟင်မှ ဒရုန်းအသုံးပြုကာတိုက်ခိုက်မှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် ဇွန်လ ပထမပတ်မှ စတင်၍ ဆားလင်းကြီးမြို့နယ်အတွင်း အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိနေပြီး စစ်ကောင်စီတပ် စခန်းချရာ နေရာများကို ဝေဟင်မှ ဒရုန်းအသုံးပြု၍ တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဓားမဆိုင်းတပ်ရင်း (၂၈) ထံက သိရသည်။
“ဇွန်လ. (၂၈) ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စစ်ကောင်တပ်အထိုင်ချနေတဲ့ ဆင်ဖြူရှင် တံတား အနောက်ဂိတ်ကို FIX Wins နှစ်လုံး ၊ အီနာဂါဗုံးသီး တစ်လုံးနဲ့ ဒရုန်းမှာ တပ်ဆင်ပြီး တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း လုံခြုံရေး အခြေအနေရ သေဆုံးမှု စာရင်းကိုမူ သိရှိရခြင်း မရှိကြောင်း ဓားမဆိုင်း တပ်ရင်းထံက သိရသည်။
ဓားမဆိုင်းတပ်ရင်း (၂၈) အနေဖြင့် ဝေဟင်မှဒရုန်းအသုံးပြု၍ တိုက်ခိုက်မှုကို ပထမဦးဆုံးအကြိမ် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် ထိခိုက်မှု မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒရုန်းအသုံးပြု တိုက်ပွဲ ဖော်ဆောင်မှုများကို ရေစကြိုမြို့နယ် SUPER Fighter တော်လှန်ရေးတပ်ဖွဲ့နှင့် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ( ၂၈) (DMSA) တပ်ဖွဲ့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။