စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်နက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ ပူးပေါင်းလာတဲ့ ရဲတပ်သားတဦးကို ဆုကြေးငွေ ကျပ်သိန်းငါးဆယ် ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆)၊ တပ်ခွဲ (၃) – သမန်းကျား ပြောက်ကျားတပ်ဖွဲ့ က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
“ အမှန်တရားဘက် ရပ်တည်ချင်လို့ ပူးပေါင်းတာဆိုပြီး သမန်းကျား (တပ်ဖွဲ့) ကို ဆက်သွယ်ပြီး အလင်းဝင်လာတာ “ လို့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆) တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက DNAကိုပြောပါတယ်။
လက်နက်နဲ့အတူ ပူးပေါင်းလာသူဟာ ဆားလင်းကြီး မြို့မရဲစခန်းက တပ်သားအဆင့် ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူ တိုက်ပွဲဝင်ဖို့ အသိပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီရဲတပ်သားဟာ (G-3) သေနတ် တလက်၊ ကျည်ဘောက် လေးခု၊ ၇ ဒသမ ၆၂ ကျည် နှစ်ရာ၊ လက်ပစ်ဗုံး တလုံး၊ ဓား တချောင်း၊ ကျည်ကာ တထည်နဲ့အတူမနေ့က မနက်သုံးနာရီခွဲလောက်မှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆)ဆီ လာရောက်ပူးပေါင်းခဲ့တာလို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစလို့ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆)ဆီ လက်နက်နဲ့အတူ ပူးပေါင်းလာသူ သုံးဦးရှိပြီလို့ တပ်ရင်းမှူး ဗိုလ်အောက်ဆွဲက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ ၁၄,၀၀၀ ကျော်ရှိပြီလို့ စက်တင်ဘာလ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိတွေ အပါအဝင် စစ်သား ၃,၂၃၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ပါဝင်ပါတယ်။
ဒါ့အပြင် ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာလည်း ရာချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ရင်းအလိုက် လက်နက်ချ အလင်းဝင်လာတာတွေ ရှိလာနေပါတယ်။
တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်အင်အား လျော့နည်းလာတဲ့ စစ်ကောင်စီတပ်ကတော့ စစ်ပြေးတွေကို ပြန်လည်အမှုထမ်းဖို့ ပြစ်မှုတွေ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး ဖိတ်ခေါ်တာ၊ လက်ရုံးတပ်တွေကို ရှေ့တန်းစေလွှတ်တာ စတဲ့နည်းလမ်းတွေနဲ့ အင်အားပြန်လည်ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။