စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး စက်လှေဆိပ်ရှိ တဲများကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်ကြီးကမ်းနား စက်လှေဆိပ်ရှိ တဲများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဇွန်လ ၉ ရက်နေ့မှစ၍ ညောင်ပင်ကြီး ကျေးရွာအုပ်စုရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” ညောင်ပင်ကြီး စက်လှေဆိပ်မှာရှိတဲ့ တဲတွေကို စစ်ခွေးတွေ မီးရှို့နေတာပါ။ စစ်ခွေးတွေက ညောင်ပင်ကြီးမှာ တပ်စွဲထားပြီး စိတ်ကြိုက်မွှေနှောက် ဖျက်ဆီးနေတာ” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ညောင်ပင်ကြီးကျေးရွာအုပ်စုရှိ ပြည်သူများသည် အကြမ်းဖက် စစ်တပ် ဝင်ရောက် တပ်စွဲထားသည့် ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်ကြောင်း သိရသည်။