မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ် မှာ စစ်ကောင်စီအဖွဲ့ မနေ့ညနေပိုင်း စစ်ဆေးနေချိန် ဆိုင်ကယ်မရပ်ပေးလို့ဆိုကာ ပစ်ခတ်တဲ့အတွက် ဆိုင်ကယ်စီးအမျိုးသားတစ်ဦး နေရာမှာတင် သေဆုံးသွားပါတယ်။
အဲဒီဖြစ်စဉ်ဟာ ညနေ ၄ နာရီခန့် က ပခုက္ကူမြို့ပေါ် ရွှေချောင်းအဝိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဦးထံကသိရပါတယ်။
အဲဒီနေရာဟာ ဌာနဆိုင်ရာရုံးတွေရှိရာနေရာဖြစ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က စစ်ဆေးလေ့ရှိတယ်လို့လည်းသိရပါတယ်။
မနေ့က ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားဟာ လူလတ်ပိုင်းအရွယ်ရှိပါပြီ။
စစ်ကောင်စီသတင်းတွေကို ဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်အချို့မှာတော့ အဲဒီအမျိုးသားစီးလာတဲ့ ဆိုင်ကယ် နောက်ဖုံးထဲမှာ လက်လုပ်ပစ္စတို သေနတ် တွေ့ရတယ်လို့ ဖော်ပြကြပါတယ်။