မန္တလေးမြို့တော် စည်ပင်ဧရိယာအတွင်းမှာဖွင့်ထားတဲ့ ဆိုင်ခန်းတွေမှာ စောင့်ကြည့်ကင်မရာ ( CCTV) တပ်ဆင်ထားကြဖို့ စစ်ကောင်စီက မြို့နယ်စည်ပင်ကတဆင့် ဆိုင်ရှင်တွေကို ဖိအားပေးနေပါတယ်။
အခုလ တတိယပတ်ကစတင်ပြီး ဆိုင်ခန်းတွေမှာ CCTV တပ်ထားကြဖို့ အသိပေးအကြောင်းကြားစာကို မြို့နယ်စည်ပင်ကတဆင့် ဆိုင်ရှင်တွေထံ ပေးပို့လာတာလို့ ဆိုင်ရှင်အချို့ထံကသိရပါတယ်။
လူထုနွေဦးသတင်းဌာနက ကြည့်ရှုခွင့်ရတဲ့ သြဂုတ်လ ၂၄ ရက်ရက်စွဲတပ်ထားတဲ့ အောင်မြေသာစံမြို့နယ် စည်ပင်ရဲ့ အသိပေးအကြောင်းစာမှာ CCTV ကို ဆိုင်ပြင်မှာ ၂ လုံး ၊ ဆိုင်ထဲမှာ ၂ လုံး စုစုပေါင်း ၄ လုံးတပ်ရမယ်လို့ ဖိအားပေးထားတာတွေ့ရပါတယ်။
CCTV တပ်ထားမှသာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးတာ ၊ အသစ်လျှောက်တာတွေကို ခွင့်ပြုမယ်လို့လည်း အောင်မြေသာစံမြို့နယ် စည်ပင်ရဲ့ အသိပေးချက်မှာ တွေ့ရပါတယ်။
ညွှန်ကြားချက်ကို မလိုက်နာရင် စည်ပင်ဥပဒေနဲ့အရေးယူမယ်လို့ အသိပေးအကြောင်းကြားချက်ထဲမှာ ပါရှိပါတယ်။
ဒါပေမယ့် စည်ပင်ဘယ်ပုဒ်မနဲ့ အရေးယူမယ်ဆိုတာကိုတော့ဖော်ပြထားတာမရှိပါဘူး။
အခုလိုဖိအားပေးပြီး CCTV တပ်ခိုင်းတာဟာ ဆိုင်တွေရဲ့ လုံခြုံရေးအတွက် မဟုတ်ဘဲ ဆန့်ကျင်သူတွေကို ဖမ်းဆီးရာမှာ အထောက်အကူဖြစ်အောင် စစ်ကောင်စီက ရည်ရွယ်တာလို့ သူရဲ့ အမြင်ကိုပြောပြပါတယ်။