ရှမ်း/တောင် ဆီဆိုင်မြို့ စစ်ဘေးရှောင်ရာကနေ နေအိမ်ပြန်နေသူတွေထဲမှာ သားအမိ ၂ ဦး မေလ ၅ ရက်နေ့ ညနေပိုင်းက လက်ပစ်ဗုံးပေါက်လို့ ဒဏ်ရာရပြီး ဆေးကုသနေရတယ်လို့ ဆီဆိုင်စစ်ဘေးရှောင်တွေထံက သိရပါတယ်။
ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်က လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်နန်းရွဲဟာ ဆိုင်ရှေ့မြောင်းအတွင်း ကျရောက်နေတဲ့ လက်ပစ်ဗုံးကို တုတ်နဲ့ကော်ထုတ်စဉ်မှာ ပေါက်ကွဲမှုဖြစ်သွားပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
လက်ပစ်ဗုံးကို တုတ်နဲ့ ကော်ထုတ်တဲ့ ဒေါ်နန်းရွဲ မှာ နားရွက်ကို ထိမှန်ခံရပြီး သားဖြစ်သူကိုတော့ ကျောပြင်နဲ့ပေါင်မှာ ထိမှန်ဒဏ်ရာရခဲ့လို့ တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသေပေးနေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်စခန်းတွေကနေ ဆီဆိုင်မြို့ကို ပြန်နေသူဟာ ၂ % ခန့်သာရှိနေပြီး စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေပြီး မေလ ၁ ရက်ကလည်း မီးသွေးကုန်းနားမှာ ဗုံးပေါက်လို့ လူတစ်ဦး ပွဲချင်းပြီး သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
နေရပ်ပြန်သူတွေအနေနဲ့ နေ့စဉ်လက်နက်ကြီး ပစ်ခတ်သံကြားနေရတဲ့အတွက် ပြန်နေသူတွေ စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်ပြီး မီးလောင်ပျက်စီးခဲ့တဲ့ ဆီဆိုင်မြို့မစျေးကြီးကို ကားပါကင်အပါ ၂ ထပ် ပြန်ဆောက်မယ်ဆိုပြီး စစ်ကောင်စီက စျေးကြီးတစ်ခုလုံးကို ကျပ်သိန်း ၇၀ နဲ့ လေလံတင်ရောင်းချခဲ့ပြီး စက်တွေနဲ့ရှင်းနေတယ်လို့ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဆီဆိုင်မြို့တောင်ဘက် တဘက်ချောင်းဘက်နဲ့ နောင်ရင်းဒုံ ၊နောင်ဘို ရွာတွေဘက်မှာ တိုက်ပွဲတွေ ရက်ပိုင်းက ဖြစ်ပွားခဲ့လို့ဆိုက်ခေါင်ဘက်ကို လူ ၁ ထောင်ကျော် တိမ်းရှောင်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၂၉ ရက်က ထုတ်ပြန်တဲ့ ရှမ်းတောင်တိုက်ပွဲအခြေအနေနဲ့ ဖြစ်စဉ်များ အစီရင်ခံစာမှာ အရပ်သားထိခိုက်ဒဏ်ရာရသူ ၈၃ ဦး ရှိခဲ့ပြီး ယင်းအနက် ကြွင်းကျန်လက်နက်ကြီးနဲ့ မိုင်းနင်းမိတာ၊ သေနတ်ပစ်ခံရတာတွေကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။