ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့မှာ ရောက်ရှိနေကြတဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ ဆီဆိုင်မြို့ တိုက်ပွဲကြောင့် ဇန်နာဝါရီလ ၂၃ ရက်နေ့ကတည်းက ညောင်ရွှေမြို့ကို တိန်းရှောင်လာကြပြီး စားနှပ်ရိက္ခာအပြင် အသုံးအဆောင်နဲ့ နေထိုင်ရေးအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက “အဓိက လိုတာတော့ အမျိုးသမီးသုံး ပစ္စည်းပေါ့ဗျာ။ အသစ်ရောက်လာတဲ့ ဟာတွေ လုံးဝ လုံးဝ အဆင်မပြေတဲ့ ဥစ္စာတွေ ရှိတယ်။ လိုတာကတော့ စားစရာတွေပေါ့ဗျာ။ ကြက်ဥတို့ ဘာတို့ညာတို့ပေါ့။ ဆူလွယ် နပ်လွယ်တာမျိုးတွေပေါ့။ တချို့လည်း ဆီမရှိဘူး။ တချို့ အလှူရှင်ကြတော့လည်း ပစ္စည်းပဲ ပေးလိုက်တယ်။ ပစ္စည်းပေါ် မူတည်ပြီး ဘယ်လို အိမ်ထောင်စုမျိုးတွေနဲ့ သင့်တော်လဲ။ တချို့ကြတော့လည်း ငွေတွေထည့်လာလို့ ရှိရင် ငွေပေါ် မူတည်ပြီးတော့ ကြက်ဥတို့ ဟင်းချက်စရာတို့ ပြန်ခွဲပေးပေါ့။ အဆိုးတကာ့ အဆိုးဆုံးထဲက လုံးဝ အဆင်မပြေတဲ့ လူတွေကို မြေပြင်ကြည့်ပြီး ဝေခြမ်းပေးတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ဆန်ကိုတော့ အရပ်ဘက် အဖွဲ့အစည်း (CSO)တချို့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့က လှူဒါန်းပေးထားတဲ့အတွက် မလိုအပ်သေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဆီဆိုင်စစ်ဘေးရှောင်တွေဟာ ဇရပ်၊ စေတီ၊ ဘုန်းကြီးကျောင်းငယ်နဲ့ မြေကွက်လွတ်တဲ့ နေရာတွေမှာ တဲထိုးကာ နေထိုင်ကြပြီး လူဦးရေ ၅၀၀ နီးပါးခန့် ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ဘယ်တော့ပြန်ရမလဲ မသိဘူး။ အကြာကြီးလည်း မနေချင်ဘူး။ အလုပ်လည်းမရှိဘူး။ စားဖို့က ခက်ခဲတယ်လေ။ ကူညီတဲ့သူက ရှိပေမယ့် လူဦးရေနဲ့က မလောက်ငှဘူး။ ကလေးတွေ ကျောင်းတက်ဖို့ကလည်း ကျောင်းပြောင်းလက်မှတ် မပါတော့ လက်မခံကြဘူး။ အမြန်ဆုံး ပြန်ချင်ပြီ” လို့ ပြောပါတယ်။
ညောင်ရွှေမြို့မှာ ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ကတည်းက ရောက်ရှိနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေဟာ စင်တာတွေမှာ နေထိုင်ရတာကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ရကြပေမယ့် လက်ရှိ ဆီဆိုင် စစ်ဘေးရှောင်တွေကတော့ အကူအညီမဲ့နေတယ်လို့ ဆိုပါတယ်။
ညောင်ရွှေမြို့နယ် အတွင်း အင်းလေးဒေသ အပါအဝင် စစ်ဘေးရှောင် ၁၀,၀၀၀ ခန့် နေထိုင်ကြပြီး ညောင်ရွှေမြို့ပေါ် သီးသန့်ကတော့ ၆,၀၀၀ ကျော်ခန့် ရှိတယ်လို့ စုံစမ်း သိရပါတယ်။