ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် – PNO/PNA တပ်ဖွဲ့ကို PNO ရဲ့ စီးပွားရေးတာဝန်ခံ ခွန်နေဝင်းထွန်း ကိုယ်တိုင် ဦးဆောင် စစ်ကောင်စီဘက်ကနေ တိုက်ပွဲဝင်နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဆီဆိုင်တိုက်ပွဲ စတင်တဲ့ ဇန်နာဝါရီလ ၂၃ ရက်နေ့ ဝန်းကျင်လောက်ကစပြီး ခွန်နေဝင်းထွန်းကို ဆီဆိုင်မြို့ သွားတဲ့လမ်းမှာ PNA စစ်ယူနီဖောင်းနဲ့ တွေ့ရှိခဲ့တာလို့ ခွန်နေထွန်းဝင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“သူက မပါလို့ မရဘူးလေ။ တိုက်ပွဲ မဖြစ်ခင်ကတည်းက ဆီဆိုင်၊ ဆိုက်ခေါင်ကို ခဏခဏ သွားလာနေတာ။ (စစ်တပ်ဘက်က) တစ်မြို့ပြီး တစ်မြို့ ကျနေတာပဲ။ ဆီဆိုင်လည်း မကြာလောက်ပါဘူး” လို့ သူက ပြောပါတယ်။
ခွန်နေဝင်းထွန်းဟာ PNO/ PNA ရဲ့ စီးပွားရေးတာဝန်ခံ ဖြစ်တဲ့အပြင် တပ်ရင်း ၄ ရဲ့ တပ်ရင်းမှူးလည်း ဖြစ်ပြီး စစ်အာသိမ်းပြီးနောက်ပိုင်းမှာ စစ်ယူနီဖောင်းနဲ့ လူလုံးထွက်ပြလာတဲ့ ခရိုနီသူဌေး ဖြစ်ပါတယ်။
ဆီဆိုင်တိုက်ပွဲ စတင်တဲ့ ဇန်နာဝါရီလ ၂၃ ရက်နေ့ကတည်းက ဆီဆိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေပြီး မနေ့ ဇန်နာဝါရီလ ၂၅ ရက်နေ့ တစ်ရက်တည်းမှာတင် အကြိမ် ၁၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။