ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်မြောက်ဘက်ခြမ်း တိုက်ပွဲ၌ စစ်ကောင်စီတပ်နှင့်လက်အောက်ခံပြည်သူ့စစ် ၂ ဦးထက်မည်းသေဆုံးပြီးစစ်ကောင်စီတပ်ထံမှ မူးယစ်ဆေးဝါးနှင့်ခဲယမ်းကျည်ဆံအချို့သိမ်းဆည်းရမိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၊ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
ဖေဖော်ဝါရီ ၁၅ရက်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို ချောင်း
မြောင်းပစ်ခတ်သည့် စစ်ကောင်စီနှင့်အပေါင်းအပါများအား ပြန်လည်ရှင်းလင်းရာ ခဲယမ်းအချို့နှင့် မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“(စစ်ကောင်စီလက်နက်ကိုင်)နှစ်ဦး ထက်မနည်း သေဆုံးတာတွေ့ရတယ်။ အဲဒီအလောင်းကိုတော့သူတို့ပြန်သယ်သွားတာပေါ့။အခင်းဖြစ်တဲ့နေရာမှာသူတို့ယူနီဖောင်းတွေ မူးယစ်ဆေးဝါး အထုပ်ကြီး နှစ်ထုပ်ရယ် အထုပ်သေး ၂ထုပ်ရယ် RPG အသီးတချို့ရယ်၊ ၇၉ ကျည်အချို့ရယ် သိမ်းဆည်းရမိတယ်” ဟုခွန်ရိန်းယံက ပြောသည်။
ယခင်တိုက်ပွဲဖြစ်စဉ်များအတွင်း၌လည်း စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့များထံမှ မူးယစ်ဆေးဝါး သိမ်းရသည့် ဖြစ်စဉ်များရှိကြောင်း ၎င်းက ဆက်ပြောသည်။
“အနေအထားကြည့်ရတာက အထုပ်ကြီးတွေ အထုပ်သေးတွေအများကြီးတွေ့ရတော့သူတို့ကမူးယစ်ဆေးဝါး သုံးစွဲပြီးတော့ ရှေ့တန်းတက်ခိုင်းတဲ့ ပုံစံ အနေအထား ဖြစ်နေတာပေါ့” ဟု ခွန်ရိန်းယံကပြောသည်။
PNLAသည် ဇန်နဝါရီလကုန်ပိုင်း၌ ဆီဆိုင်မြို့ကို ထိန်းချုပ်ခဲ့ရာ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNO တပ်များက မြို့ပြန်လည်ရရှိရေးထိုးစစ်ဆင်နေ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။