ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို အာဏာသိမ်းစစ်ကောင်စီက ဓာတု အဆိပ်ငွေဗုံးသုံး၍ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ယမန်နေ့(မတ်လ ၆ရက်)တွင် စစ်ကောင်စီသည် ဆီဆိုင်မြို့ကို ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်ခဲ့၍ PNLA ရဲဘော်များ အရေပြားယားယံခြင်း ၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနဲ့ အောက်စီဂျင်ကျခြင်းများကို ပုံစံတူခံစားခဲ့ကြရသည်ဟု အသိပေးသည်။
စစ်ကောင်စီမှ ဓာတုအဆိပ်ငွေ့ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများ တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသပေးနေရဆဲဖြစ်ပြီး ကုသမှုခံယူနေသည့် ရဲဘော် ၈ဦးရှိသည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
” ဆီဆိုင်ကို သူတို့အဆိပ်ငွေ့ကြဲတာ တိုက်ပွဲဖြစ်ပွားမှုမရှိဘူး ။သူတို့က တမင်သပ်သပ် အဲဒီ အဆိပ်ငွေ့ဗုံးနဲ့ လာပြီး တိုက်ခိုက်တာဖြစ်တယ်။ ဒါက အလုံးစုံဖျက်ဆီးရေးဆိုတဲ့ ပုံစံအတိုင်း စစ်ကောင်စီက လုပ်နေတာကို တွေ့နေရတဲ့လုပ်ရပ်ဖြစ်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။
ဆီဆိုင်မြို့ကို PNLAက ဇန်နဝါရီလကုန်ပိုင်း၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက မြို့ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဗုံးများ အသုံးပြု တိုက်ခိုက်လျက်ရှိသည်။
ယမန်နေ့ ဒရုန်းတိုက်ခိုက်မှုများအတွင်း ဆီဆိုင် မြို့နယ်ရှိ နေအိမ် ၆လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် ယမန်နေ့တွင် ပအိုဝ်းအမျိုးသားဝတ်စုံအား ဝတ်ဆင်ပြီး ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးရန်အင်အားဖြည့်တင်းခဲ့သည်ဟု PNLAက ထုတ်ပြန်သည်။
ထိုသို့အင်အားဖြည့်ရာတွင် ပြည်သူလူထု၏ ကားများအား ချောဆွဲခေါ်ဆောင်ကာ ၎င်းတို့ သွားလိုသည့်နေရာသို့ အတင်းအဓမ္မပို့ဆောင်စေခဲ့သည်ဟု ဆိုသည်။
“ပအိုဝ်းအမျိုးသားဝတ်စုံ ဝတ်ပြီး စစ်ကြောင်းထိုးတာက မနေ့တုန်းကပါ။ ဟိုပုံးဘက်ကနေ မဲနယ်တောင်ဘက်ကိုပေါ့လေ။ ကမ္ဘာမှာ ဘယ်စစ်တပ်ကမှ အမျိုးသားဝတ်စုံ ဝတ်ပြီး စစ်မတိုက်ဘူး။ အခုက ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ပြီး ပအိုဝ်းဒေသကို ပြန်လည်ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေလုပ်တယ်ဆိုတာ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ ပြီးတော့ လူမျိုးတစ်မျိုးရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖျက်ဆီးနေတာဖြစ်တယ်။ ဒါက အင်မတန်မှ ရက်စက်ယုတ်မာတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေဖြစ်တယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မှတ်ချက်ပြုသည်။