ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသက အဓိကမြို့ဖြစ်တဲ့ ဆီဆိုင်မြို့ကို ပြန်ရဖို့ စစ်ကောင်စီ ဟာ ရက်ပိုင်းအတွင်း အင်အားစုစည်းနေတယ်လို့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
တောင်ကြီးကနေ ဆင်းလာတဲ့ စစ်ယာဥ်တန်းတွေဟာ ရက်ပိုင်းလောက်ပဲခြားပြီး ဆီဆိုင်မြို့ဘက်သွားနေတာ တွေ့ရသလို မြို့ပေါ် လမ်းတွေမှာလည်း အင်အားဆယ်ချီအင်အားပြနေတယ်လို့ ဟိုပုံးမြို့ခံတွေက ပြောပါတယ်။
မြေပြင်သတင်းတွေအရ ဆိုက်ခေါင်စံပြရွာ ဘုန်းကြီးကျောင်းမှာ အင်အား ၃၀၀ နဲ့အမြောက် ၃ လက်၊ PNO ပြည်သူ့စစ် ၄၀၀ ကျော် အခြေပြုထားပြီး ထပ်မံဖြည့်တင်းနေတဲ့အင်အားနဲ့ဆို ၁ ထောင်ကျော် ရှိနေပြီလို့သိရပါတယ်။
သိပ်မကြာခင်ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က အလုံးအရင်းနဲ့ တန်ပြန်တိုက်စစ် ဆင်နွှဲလာနိုင်လို့ PNLA ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
စစ်ရေးတင်းမာမှုကြောင့် ဆီဆိုင်၊ ဆိုက်ခေါင်၊ ဘန်ယဥ် တစ်ဝိုက် လမ်းမကြီးတွေ၊ ရွာချင်းဆက်လမ်းတွေနဲ့ တောလမ်းတွေကို ဖေဖော်ဝါရီလ ၁၀ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမှာဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားပါတယ်။
ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ထွက်ပြေးတိမ်းရှောင် နေရပြီး ရက်ကြာလာတာနဲ့အမျှ ရိက္ခာနဲ့ အခြားလိုအပ်ချက်အများအပြား ဖြစ်ပေါ်လာနေကြောင်း စစ်ဘေးရှောင် လူထုထံက သိရပါတယ်။