ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ဗုံးကြဲနေသလို လက်နက်ကြီးနဲ့ပစ်နေတာအပြင် ဒရုန်းနဲ့ပါ ဗုံးကြဲလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းကစပြီး အဝေးထိန်းဒရုန်းတွေနဲ့ ဗုံးကြဲလာတာဖြစ်လို့ ဆီဆိုင်မြို့ပေါ်က ရပ်ကွက်က အဆောက်အဦအိမ်တွေ ပိုမိုပျက်စီးလာရတယ်လို့ ပြောပါတယ်။
`မနေ့က ဘုရားဖြူရွာက နောင်ကျော အုပ်ချုပ်ရေးမှူး အိမ်မီးလောင်တယ်၊ အောင်သပြေ ရပ်ကွက်က စက်ချုပ်တဲ့အိမ်လဲ မီးလောင်တယ်၊ ဒီနေ့လဲ မနက် ၅ နာရီကျော်ထဲက လေယာဉ်ဝဲနေတယ်`လို့ ဒေသခံက ပြောပါတယ်။
သူ့အိမ်ကို ရိက္ခာအတွက် အရမ်းလိုအပ်နေတာဖြစ်လို့ လိုအပ်တာတွေ ပြန်သွားယူတာ ဒရုန်းဗုံးတွေကျလာလို့ အမြန်ပြန်ပြေးလာရတယ်လို့ ဆိုပါတယ်။
ဆီဆိုင်က ဟိုခဲ၊ မြကန်သာ၊ အောင်သပြေ၊ မင်္ဂလာနဲ့ အောင်ချမ်းသာ ရပ်ကွက်တွေက နေအိမ် အဆောက်အဦတွေ အားလုံးနီးပါးဗုံးထိမှန်ခံရတာဖြစ်လို့ ဒရုန်းဗုံးက မြို့ကို ပိုပျက်စီးစေတယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် (PNLO) က မြို့ကို ထိန်းထားဆဲဖြစ်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ် PNO တွေ အကျအဆုံးများပြီးတဲ့နောက် လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းဗုံးတွေနဲ့ အဝေးက တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။