ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေပြီး စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ ပြည်သူများ သေဆုံးနေရသဖြင့် လမ်းမကြီးများနှင့် လမ်းငယ်များ အသုံးပြု သွားလာမှုကို ယာယီပိတ်ပင်လိုက်ကြောင်း ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA)က တရားဝင် သတင်းထုတ်ပြန်ကြေညာသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ ဆီဆိုင်မြိုနှင့် အနီးတဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်နေကြောင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများက လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးနေရလျက်ရှိကြောင်း၊ သိုဖြစ်ပါ၍ လက်ရှိအချိန်သည် စစ်ရေးအခြေအနေအလွန်ရှုပ်ထွေးနေသည့် တိုက်ပွဲကာလဖြစ်သောကြောင့် လမ်းများ အသုံးပြုမှုကို ယာယီ ပိတ်ပင်ထားမည်ဖြစ်ကြောင်း PNLA က ထုတ်ပြန်ကြေညာသည်။
ထိုသို့ PNLA က ယာယီ အသုံးပြုမှု ပိတ်ပင်လိုက်သည့် လမ်းများတွင် ဆိုက်ခေါင် မှ ဆီဆိုင်မြိုသို ဆက်သွယ်သည့် ပြည်ထောင်စု ကားလမ်းမကြီး၊ ဆိုက်ခေါင်အနီးတဝိုက်မှ ဆီဆိုင်မြိုသို ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်းတွင်လည်းကောင်း၊ အနောက်ဘက်ခြမ်းတွင်လည်းကောင်း ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်းအနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြိုအနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများ ပါဝင်ကြောင်း သိရှိရသည်။
ထိုကြောင့် အလွန်ရှုပ်ထွေးသော စစ်ရေးအခြေအနေအတွင်း မလိုလားအပ်သည့် ထိခိုက်မှူများ မဖြစ်ပေါ်စေရေး ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်း မပြုကြသေးရန် အထူးအသိပေးအပ်ပါကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်ကြေညာထားသည်။